ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် ရွေးတုအစိုးရစစ်တပ်က စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးပစ်ကူများအသုံးပြု၍ စစ်ကြောင်းထိုးစစ်ဆင်ခဲ့သော်လည်း အာရက္ခတပ်တော် (AA) ၏ တန်ပြန်ထိုးစစ်ကြောင့် စစ်တပ်၏ ခြေကုတ်စခန်းများနှင့် ကာကင်းအချို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၇ရက်နေ့အထိ စစ်တပ်၏ ကာကင်းစခန်း လေးခုအထိကို AA ကထိန်းချုပ်လိုက်ပြီး စစ်တပ်ဘက်မှ နောက်ကြောင်းပြန်ဆုတ်ပြေးရသည်ဟုလည်း သိရသည်။
စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်းဘက်သို့ စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရစစ်တပ်သည် ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရပြီး အမြင့်ကျွန်းတံတား၊ ရွှေမင်းဂံရေတပ်စခန်းအနီး ကံကော်ကျွန်းဝန်းကျင်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စပါးထား၊ ဆားပို့တောင်၊ ခမောင်းတောရွာဝန်းကျင်တို့ရှိ စစ်တပ်၏ ခြေကုတ်နေရာအချို့ကို AA က ထိန်းချုပ်ထားနိုင်ခဲ့သည်။
”ရခိုင်တောင်ပိုင်းစစ်ဆင်ရေးမှာ အင်အားထက်ဝက်ပြုန်းတီးပြီးသွားတော့ အခုမြောက်ပိုင်းစစ်ဆင်ရေးဆိုပြီးဖြစ်လာပြန်တယ်။ အင်တိုက်အားတိုက်သေပြီး အလုံးအရင်း လက်နက်ချတယ်လို့ကြားရတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် ရွှေမင်းဂံရေတပ်စခန်းဘက်မှ ရောက်ရှိလာသော စစ်ကြောင်းနှင့် AA တို့အကြား ရဲရိုးပြင်ရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေခြင်းဖြစ်သည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ကျေးရွာအနီး တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီး မြေပြင်စစ်ကြောင်းများ ကွမ်းတောင်ကျေးရွာကို ဖြတ်ကျော်နိုင်ခြင်းမရှိသော်လည်း ကုလားတန်မြစ်ကြောင်းအတိုင်း စစ်ရေယာဉ်များ မြို့အဝင်တံတားအနီးသို့ ချဉ်းကပ်လာခဲ့သည်။
အဆိုပါစစ်ဆင်ရေးတွင် တပ်မ (၁၀၁) လက်အောက်ခံတပ်များအပြင် ALP တပ်ဖွဲ့ဝင်များကိုပါ အသုံးပြုခဲ့သော်လည်း ထိရောက်မှုမရှိဘဲ အထိနာနေသဖြင့် စစ်တွေမြို့ရှိ တပ်ရင်းများကိုပါ ထပ်မံဖြည့်တင်းရန် ပြင်ဆင်နေကြောင်း သိရသည်။ ထို့ပြင် လေကြောင်းမှ နေ့စဉ်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်ပေးနေရသည်။
အလားတူ ရသေ့တောင်မြို့နယ်ရှိ မိုးစဲကျွန်းနှင့် ဝီရဌာနီ(ပေါက်တော)မြို့နယ် ဆံတော်ရှင်ကုန်းတို့ကိုလည်း ရေတပ်သင်္ဘောများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
ရွေးတုအစိုးရစစ်တပ်သည် ပုဏ္ဏားကျွန်းကို သိမ်းပိုက်နိုင်ရေးထက် ရသေ့တောင်လမ်းဆုံကို ထိန်းချုပ်နိုင်ရေးကို ပိုမိုဦးစားပေးနေပြီး အဆိုပါလမ်းဆုံကို ထိန်းချုပ်နိုင်ပါက ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောစသည့် ရခိုင်မြောက်ပိုင်းဒေသများကို ဖြတ်တောက်နိုင်မည်ဖြစ်၍ မင်းချောင်းတံတားနှင့် ကွမ်းတောင်အကြား ဆက်သွယ်ရေးလမ်းကြောင်း မပြတ်တောက်စေရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။