စက်တင်ဘာ ၁၈ ရက်
ဧရာဝတီတိုင်းမ်

ပဲခူးတိုင်း ၊ တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ် ၊ ရွှေလောင်းကျေးရွာကို စစ်တပ်က ဗုံးသီး ချပြီး လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ (၁၄) ရက် ၊ မနက်ပိုင်းက ရွှေလောင်းကျေးရွာသို့ တော်လှန်ရေးအဖွဲ့များ ရောက်ရှိနေသည်ဟုဆိုကာ စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“လူနေအိမ်ပေါ်ကို Drop Bone တွေလာချတယ်၊ လက်နက်ကြီးတွေ နဲ့ ရွာကိုပစ်ကြတယ် ။ ရွာသားတွေလည်း ဗုံးထိပြီးသေကြတယ်။ ဗုံးသီးကျသံ လက်နက်ကြီးသံတွေကြောင့် ရွာသားတွေလည်း ကစဥ့်ကလျား ထွက်ပြေးကြတာကို ပြေးတဲ့နောက်ကိုပါ Drop Bone တွေလိုက်ချတာ လေးနှစ်သား ကလေးတွေအပါအဝင် ကလေးငယ်နဲ့ ရွာသား ၁၀ ဦးထက်မနည်း သေဆုံးသွားတယ် ” ဟု ဒေသခံ ရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွှေလောင်းကျေးရွာသည် အုတ်တွင်းမြို့နယ် ၊ အနောက်ဘက် အမြန်လမ်း မိုင်တိုင် ၁၄၄ မိုင် ၄ဖာလုံတွင်တည်ရှိပြီး PDF တပ်ဖွဲ့ဝင်များ ဝင်ထွက်သွားတတ်ကြောင်း သိရသည်။

ရွှေလောင်းရွာ ၊ ဘိုကုန်းရွာ ၊ မရမ်းကုန်းရွာနှင့် အနီးဝန်းကျင်မှ ရွာသားများသည် Drop Bone ချခြင်း ၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခက်နေခြင်းကြောင့် အိုးအိမ် ၊ ကျွဲ ၊ နွား ၊ ဆိုင်ကယ်တို့အား ထားခဲ့ပြီး ဘေးလွတ်ရာများသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်းဆိုသည်။

“ရွာတွေမှာ လူတွေမနေရဲကြတော့ဘူး အကုန်ထွက်ပြေးကုန်ပြီ။ ။ အိမ်သုံး ပရိဘောဂ နှင့် စက်ပစ္စည်းတွေကို စစ်တပ်က ကားကြီး ကားငယ်နဲ့ သယ်နေကြတယ်။ ရွာကို မီးမရှို့သွားတာဘဲ ကံကောင်း ” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ရွှေလောင်းကျေးရွာအပါအဝင် အမြန်လမ်းမကြီး အနောက်ရှိ ကျေးရွာ ၁၀ ရွာကျော်ကို စစ်တပ်က ထိန်းချုပ်ထားပြီး ဒေသခံ စစ်ဘေးရှောင်များသည် တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရသည်။