ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရွှေကူ-ဗန်းမော်ကြား မြစ်ကြောင်းတိုက်ပွဲများ၌ ထိခိုက် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော စစ်တပ်သည် ယမန်နေ့ စက်တင်ဘာ ၁၇ ရက်တွင် ရွှေကူမြို့ရှိ အရပ်သားသင်္ဘောများကို အသုံးပြုကာ မန္တလေးဘက်သို့ ပြန်လည်စုန်ဆင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်စုန်ဆင်းလာရာ စစ်ကိုင်းတိုင်းအစပ်၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအနီးအရောက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ၏ ထပ်မံတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

“ဖလက်နဲ့ တွန်းသင်္ဘော၊ တိုက်သင်္ဘောတွေအပြင် KIA ကို အခွန်ရှောင်လိုတဲ့ အရပ်သားသင်္ဘောတွေက စစ်ရေယာဉ်အုပ်စုနဲ့ လိုက်ပါစုန်ဆင်းမှုရှိတယ်လို့ သိရပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စုန်ဆင်းလာသည့် သင်္ဘော ၁၉ စီးအနက် စစ်တပ် တပ်ဖွဲ့ဝင်များ ပါဝင်သော သင်္ဘော တစ် စီးမှာ ထိခိုက်နစ်မြုပ်သွားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များ၏ ဖော်ပြချက်များ အရ သိရသည်။
ထိုသို့ သင်္ဘောများ ပြန်ဆင်းလာစဉ် ညနေ ၃ နာရီကျော်ခန့်တွင် မိုးတားလေးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ လေးစီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။

ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကချင်ပြည်နယ်သို့ စစ်အင်အား ဖြည့်တင်းရန်အတွက် သင်္ဘောများဖြင့် အသုတ်လိုက် ဆန်တက်ခဲ့ရာ KIA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ကသာနှင့် ဗန်းမော်ကြား မြစ်ကြောင်းတစ်လျှောက်တွင် သင်္ဘော ၂၀ စီးခန့် နစ်မြုပ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ပြောကြားထားသည်။
စစ်ရေယာဉ်အုပ်စုမှ ခြောက် စီးခန့်သာ ဗန်းမော်သို့ ကမ်းကပ်နိုင်ခဲ့ပြီး သင်္ဘောများပေါ်မှ ကမ်းတက် သွားခဲ့သည့် စစ်တပ် တပ်ဖွဲ့ဝင်များကို KIA က လိုက်လံချေမှုန်းခဲ့ကာ စင်းခန်းအနီးတွင် တိုက်ခိုက်ခံရပြီး စစ်တပ်စစ်ကြောင်းများ အထိနာခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – wetlet information
ပုံစာ – ရွှေကူမှ ပြန်ဆင်းသည့် စစ်ရေယာဉ်အုပ်စု