နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်

စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (ERO) များ အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေး ဆွေးနွေးလာစေရေး ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများအနေဖြင့် ကူညီပေးရန် ရွေးတုအစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ခေါ်ယူတွေ့ဆုံနေကြောင်း သိရသည်။

NSPNC သည် ပြီးခဲ့သည့် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်အနိုင်ရထားသော စစ်အုပ်စုလက်ဝေခံ ကြံ့ခိုင်ရေးပါတီအပါအဝင် ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် အလုပ်အဖွဲ့ကို နေပြည်တော်တွင် ယမန်နေ့ စက်တင်ဘာ ၁၇ ရက်မှစတင်၍ ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့အထိ နှစ်ရက်တာ ခေါ်ယူတွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။

အဆိုပါတွေ့ဆုံမှုအတွင်း NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က နိုင်ငံတဝန်း အပစ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးပြီး ကင်းကွာသွားသည့် ERO များ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်ရေး၊ တော်လှန်ရေးအဖွဲ့များ အညံ့ခံလာရေးတို့ကို နိုင်ငံရေးပါတီများအနေဖြင့် ညှိနှိုင်းကူညီပေးကြရန် ဆွေးနွေးပေးစေလိုဟု အဓိကထား ပြောခဲ့ကြောင်း သိရသည်။

ထို့အပြင် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများအား ယခင်ပုံစံအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေး၊ EROs ဒေသများရှိ နိုင်ငံရေးပါတီများအနေဖြင့် ငြိမ်းချမ်းရေးအတွက် နည်းလမ်းများ၊ ယခင်ဆွေးနွေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများ နေရပ်ပြန်လည်ရောက်ရှိနိုင်ရေး စသည်တို့အား ဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

ယင်းအတွက် အာဏာသိမ်း ရွေးတုအစိုးရသည် နေပြည်တော်တွင် ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်ကတည်းက ထိုနိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံပြီး လက်ဝေခံ ကြံ့ခိုင်ရေးပါတီအား ကိုယ်စားပြုပါဝင်မှု အများအပြားဖြင့် ယခင်နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ကဲ့သို့ အလုပ်အဖွဲ့ ဖွဲ့စည်းပေးထားခြင်းဖြစ်ကာ ယခုအခါ တွေ့ဆုံမှုများမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ယခုတွေ့ဆုံမှု၌လည်း ငြိမ်းချမ်းရေးကိစ္စ ဆက်လက်တွေ့ဆုံ ဆွေးနွေးနိုင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ ၁၆ ဦးကို ရွေးချယ်သွားမည်ဟု NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ထည့်သွင်းဆိုထားပြီး တစ်ဖတ်တွင် တော်လှန်ရေး အင်အားစုများအကြား သွေးကွဲရန် ရည်ရွယ်၍ NSPNC အကြံပေးအဖွဲ့အား ဩဂုတ်အတွင်းပင် ဖွဲ့စည်းထားကြောင်း သိရသည်။

နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ကို ယခင်ကာလတွင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် နိုင်ငံရေးပါတီများ ကိုယ်စားပြုအဖြစ် စနစ်တကျ ဖွဲ့စည်းခဲ့သော်လည်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရ အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားကာ လက်ရှိ၎င်းတို့ ဖွဲ့စည်းမှုများသည် ဟန်ပြသာဖြစ်ကြောင်း အကဲခတ်များက သုံးသပ်ထောက်ပြထားသည်။

ရွေးတုအစိုးရသည် ၎င်းတို့၏ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ ပထမအကြိမ် အလုပ်အဖွဲ့ကို လက်ရှိ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးအား ခေါင်းဆောင်ထား ဦးဆောင်၍ ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး ယခုအကြိမ် အလုပ်အဖွဲ့ကိုမူ မည်သည့်ပါတီမှ ခေါင်းဆောင်ထားသည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အလားတူ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်နေသော်လည်း စစ်ရှုံးအထိနာမှုများအတွက် စစ်ရေးအရှိန်မြှင့် ဗုံးကြဲတိုက်ခိုက်၊ စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်နေသဖြင့် ခုခံတော်လှန်နေသည့် EROs အပါအဝင် တော်လှန်ရေး အင်အားစုများက ယုံကြည်မှုမရှိ လက်မခံသလို ရွေးတုအစိုးရ၏ ထိုလုပ်ရပ်များကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံး ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – MOI