ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်

 

ယခုရက်ပိုင်းအတွင်းမုတ်သုံလေအားကောင်းမှု၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုနှင့် လေထုမငြိမ်သက်မှုကြောင့် ယနေ့ စက်တင်ဘာ ၁၈မှ ၂၂ ရက်အတွင်း တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်မည်ဖြစ်ကြောင်း ရွေးတုအစိုးရလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းမှု၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအပါအဝင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်သက်မှုများကြောင့် တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းထုတ်ပြန်သည်။

ယနေ့မှ စက်တင်ဘာ ၂၂ ရက်အထိ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းထုတ်ပြန်သည်။

 

ထို့ပြင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်နီ ( ကယား)ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်( တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းပါဝင်သည်။

 

“အခုရက်ပိုင်း မိုးရွာရင် ရေအများကြီးပါတယ်။ မိုးခဏလေးရွာပေမယ့် ကားလမ်းပေါ်ရေလျှံတဲ့အထိဖြစ်သွားတယ်။ မနေ့ကဆိုရင် မန္တလေးနဲ့ မေမြို့ မိုးကြီးလို့ ကားလမ်းမကြီးတွေ ရေပြည့်သွားတယ်။ ကားဘီးတစ်ဝက်လောက်အထိမြှပ်သွားတယ်” ပြင်ဦးလွင် – မန္တလေးခရီးသည်တင်ကားမောင်းသူတစ်ဦးက ပြောကြားသည်။

ယင်းပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် ( မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်မြို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့အတွင်းရှိ နှစ်ချို့သစ်ပင်ကြီးများလဲကျသဖြင့် နေအိမ်များထိခိုက်ခြင်း၊ ကားမကြီးများပေါ်ပြိုကျ၍ ကားလမ်းပိတ်ခြင်းတို့ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားသည်။

 

မိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းနေသောကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်သဖြင့် သစ်ပင်ကြီးများပြိုလဲကျမှု၊ မြေပြိုမှုအန္တရာယ်နှင့် ရေကြီး၊ ရေလျှံမှုများသတိထားရန်လိုအပ်ကြောင်း မိုး/ ဇလက ထုတ်ပြန်သည်။

 

ဓာတ်ပုံ – မိုး/ ဇလ ၊ လူမှုကွန်ရက်