ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် စစ်တပ်၏ စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသည့် လူငယ်များသည် စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက အချုပ်ခန်းဖောက်ထွက်ခဲ့ရာ လူငယ် ၁၃ ဦး တော်လှန်ရေးတပ်ဖွဲ့ထံ ရောက်ရှိလာကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။
ရေဦးမြို့ အမှတ် (၂) အထက်တန်းကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လူငယ် ၂၀ ဝန်းကျင်အနက် အသက် ၂၀ မှ ၃၀ ကြားရှိ လူငယ် ၁၃ ဦးမှာ အချုပ်ခန်းဖောက်ထွက်ကာ လွတ်မြောက်လာပြီး ရေဦးမြို့နယ် ပကဖ ထံသို့ ဘေးကင်းစွာ ရောက်ရှိနေခြင်း ဖြစ်သည်။
“ကျွန်တော်တို့ဆီကို ထွက်ပြေးလွတ်မြောက်လာသူက ၁၃ ဦးပါ။ သူတို့အသက်တွေက ၂၀ ကနေ ၃၀ ကြား ရှိပါတယ်” ဟု ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ထိုသို့ လွတ်မြောက်လာကြသည့် လူငယ်များကို ရေဦးမြို့နယ် ပကဖက နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးအတွက် ကူညီစောင့်ရှောက်ပေးထားပြီး ဖမ်းဆီးခံထားရဆဲဖြစ်သော အခြားလူငယ်များအနေဖြင့်လည်း အခြေအနေကို ခွဲခြားသိမြင်ကာ ပြည်သူ့ရင်ခွင်ထံသို့ ခိုလှုံဝင်ရောက်ကြရန် ရေဦးမြို့နယ် ပကဖက တိုက်တွန်းထားသည်။
ရွေးတုအစိုးရ စစ်တပ်သည် စစ်မှုထမ်းဥပဒေဖြင့် လမ်းပေါ်မှ ဖမ်းဆီးခြင်းနှင့် ဧည့်စာရင်းစစ်၍ ဖမ်းဆီးခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ပိတ်ထားခဲ့ရသည့် စစ်သင်တန်းကျောင်းအချို့ကိုပင် စစ်အင်အား လိုအပ်ချက်အရ ပြန်လည်ဖွင့်လှစ်လျက်ရှိသည်။
လက်ရှိတွင် စစ်မှုထမ်း အမှတ်စဉ် (၂၇) မှစ၍ ကလေးမြို့အခြေစိုက် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၀) နှင့် သပိတ်ကျင်းမြို့နယ် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃) အပါအဝင် သင်တန်းကျောင်း ၂၇ ခုတို့တွင် သင်တန်း ပေးလျက်ရှိကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားသည်။
အလားတူ ရန်ကုန်မြို့နယ်အသီးသီးရှိ လမ်းမများပေါ်တွင်လည်း စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များသည် အိမ်စီးကားများ၊ ပရဟိတကားများနှင့် ရဲကားများကို အသုံးပြုကာ လူငယ်များကို ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်နေကြောင်း မြေပြင်စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Rangoon Scout Network (RSN) ထံမှ သိရသည်။
ပုံစာ-ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီးခေါ်ဆောင်မှုများ လုပ်ဆောင်၍ စစ်မှုထမ်း အမှတ်စဉ် (၂၈)သို သင်တန်း တက်ရောက်ရန် အဓမ္မစေခိုင်းခံရသည့် လူငယ်များ။