ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
ရုရှားနိုင်ငံဟာ ယူကရိန်းကို ကူညီပေးနေတဲ့ ပိုလန်အပါအဝင် ဥရောပနိုင်ငံတွေကို ဒရုန်းတွေ၊ ဒုံး ကျည်တွေနဲ့ တိုက်ခိုက်ပြီး မတော်တဆဖြစ်ရပ်ပုံစံ ဟန်ဆောင်ကာ နေတိုးအဖွဲ့ရဲ့ တုံ့ပြန်မှုကို စမ်းသပ်နိုင် တယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်ခ်က စက်တင်ဘာ ၁၇ ရက်မှာ သတိပေးလိုက်ပါတယ်။
ဒါဟာ နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ တိုက်ခိုက်ခံရရင် အပြည့်အဝ ကာကွယ်ပေးမယ့် မဟာမိတ် အဖွဲ့ရဲ့ စိတ်ဓာတ်ကို ဖြိုခွဲဖို့နဲ့ အားနည်းသွားအောင် လုပ်ဆောင်ဖို့ ရုရှားက ရည်ရွယ်တာလို့ လွှတ်တော်မှာ ၎င်းက ပြောပါတယ်။
ဥရောပအရှေ့ဘက်ခြမ်းရှိ နေတိုးအဖွဲ့ဝင်တွေရဲ့ နယ်မြေတွေကို ဒရုန်းတွေနဲ့ ဒုံးကျည်တွေ ထိုး ဖောက်ဝင်ရောက်ပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ တကယ်ရှိနေတဲ့ အန္တရာယ်တစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။
ရုရှားဟာ ဒရုန်းတွေကို ဂျက်အင်ဂျင်သုံး ဒရုန်းအမျိုးအစားတွေအဖြစ် ပြောင်းလဲအသုံးပြုလာလို့ ပိုမိုမြန်ဆန်ပြီး အမြင့်မှပျံသန်းနိုင်တာမို့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေအတွက် ထောက်လှမ်းဖို့ ပိုမို ခက်ခဲလာတယ်လို့ ၎င်းက ရှင်းပြပါတယ်။
ယူကရိန်းကို ကူညီနေတဲ့ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကို ရုရှားက ပစ်မှတ်ထား တိုက် ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး ယူကရိန်းက လက်နက်မချမချင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အဆင် သင့်မရှိသေးဘူးလို့ ဒေါ်နယ်တပ်ခ်က သုံးသပ်ပါတယ်။
လာမယ့်ဆောင်းရာသီမှာ ယူကရိန်းရဲ့ စီးပွားရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေကို အပြီးတိုင် ဖျက်ဆီးဖို့ ရုရှားက ကြိုးပမ်းနေတာကြောင့် နယ်စပ်ဂိတ်တွေ ပျက်စီးသွားရင် ကူညီပေးဖို့ ပိုမို ခက်ခဲသွားမှာကို ပိုလန်က စိုးရိမ်နေပါတယ်။
ဒေါ်နယ်တပ်ခ်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံပြီး အဆင့်မြင့် ဒရုန်းအန္တရာယ် ကာ ကွယ်ရေးကိစ္စတွေကို ဆွေးနွေးဖို့ ကိယက်ဗ်မြို့ကို သွားရောက်မှာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိုလန်နိုင်ငံမှာ အမေရိကန်စစ်စခန်းတစ်ခု အမြဲတမ်း အခြေ စိုက်နိုင်ရေးအတွက် ဆွေးနွေးရာမှာ တိုးတက်မှုတွေရှိနေပြီလို့ Social Media မှာ ရေးသားခဲ့ပါတယ်။
ပိုလန်ဟာ လုံခြုံရေးအတွက် အမေရိကန်စစ်စခန်း အမြဲတမ်းအခြေစိုက်ဖို့ နှစ်ပေါင်းများစွာ ကြိုး ပမ်းခဲ့ပြီး စစ်စခန်းတည်ရှိမယ့် နေရာကိုလည်း မကြာမီ ကြေညာဖွယ် ရှိနေပါတယ်။
ရုရှားရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေ မြင့်တက်လာချိန်မှာ ပိုလန်နိုင်ငံဟာ နယ်စပ်လုံခြုံရေးနဲ့ နေတိုးမဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကြိုးပမ်းနေပါတယ်။
ကိုးကား – India Today
Ref; Tusk warns Russia may fake drone accidents in Europe to test NATO