ဧရာဝတီတိုင်းတွင် ၂ ပတ်အတွင်း ရိုဟင်ဂျာ ၁၀၀ ကျော် ထောင်ချခံရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၈ ရက်

ဧရာဝတီတိုင်းဒေသကြီးမှာ စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်ဘက်က ရွှေ့ပြောင်းခဲ့သူ ရိုဟင်ဂျာ ၁၁၄ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဝါးခယ်မမြို့တရားရုံးမှာ စက်တင်ဘာလ ပထမပတ်က ရိုဟင်ဂျာ ၅၆ ဦးနဲ့ ဘိုကလေးမြို့နယ်တရားရုံးမှာ စက်တင်ဘာလ ဒုတိယပတ်က ရိုဟင်ဂျာ ၅၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီ အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

” အရင်ကဆိုရင်တော့ ခဏထိန်းထားပြီး သူတို့လာတဲ့ဒေသကို ပြန်ပို့ပေးတာ ခုကတော့ ထောင်ချတာ အမှုဖြတ်တာလည်း မြန်တယ် ၁ လလောက်အတွင်းပြီးအောင်လုပ်ရတာ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အသက်မပြည့်သေးတဲ့ ရိုဟင်ဂျာလူငယ်တွေပါလာရင်တော့ ငှက်အော်စခန်းက လူငယ်ထိန်းသိမ်းရေးကျောင်းကိုပို့ဆောင်ပေးရတာ တွေရှိတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းကို ဝင်ရောက်လာပြီး ဖမ်းဆီးခဲ့ရတဲ့ ရိုဟင်ဂျာလူမျိုး အနည်းဆုံး ၅ဝ၀ ကျော်ရှိမယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာလူမျိုးတွေဟာ မွေးဖွားရာ ရခိုင်ပြည်နယ်မှာ နေထိုင်စားသောက်ရေးအဆင်မပြေတာကြောင့် မွေးရပ်မြေစွန့်ခွာထွက်လာချိန် လမ်းတွေမှာဖမ်းဆီးခံရတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးနေသူတွေကပြောပါတယ်။