ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ဟာ အစ္စရေးနိုင်ငံထံ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ ပြင်းအားမြင့် ပေါင် ၂,၀၀၀ ဗုံးအမြောက်အမြား ရောင်းချဖို့ စီစဉ်နေပါတယ်။
ဒီလက်နက် အရောင်းအဝယ် အစီအစဉ်မှာ ပေါင် ၂,၀၀၀ လေးတဲ့ Mk84 ဗုံး အလုံး ၂၀,၀၀၀ နဲ့ BLU-117 ဗုံး အလုံး ၂၀,၀၀၀ စုစုပေါင်း ဗုံးအလုံးရေ ၄၀,၀၀၀ ပါဝင်ပြီး အမေရိကန်လွှတ်တော်ထံ အသိပေး ထားပြီးဖြစ်ပါတယ်။
ပေါင် ၂,၀၀၀ ဗုံးတွေဟာ ဂါဇာဒေသမှာ လူအများအပြား ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ စိုးရိမ်မှုကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်က ဂျိုးဘိုင်ဒင်အစိုးရလက်ထက်မှာ လွှဲပြောင်းပေးအပ်မှုကို ခေတ္တ ဆိုင်းငံ့ ထားခဲ့ဖူးတဲ့ ဗုံးအမျိုးအစားတွေ ဖြစ်ပါတယ်။
ကုန်ကျစရိတ် အများစုကို အမေရိကန် နိုင်ငံခြားစစ်ရေး ရန်ပုံငွေ (Foreign Military Financing) မှ ကျခံမှာဖြစ်ပြီး အမေရိကန်အခွန်ထမ်းတွေရဲ့ ငွေကြေးနဲ့ အစ္စရေးက အမေရိကန်ဆီမှ လက်နက်တွေ ပြန်လည်ဝယ်ယူတဲ့ ပုံစံဖြစ်ပါတယ်။
ဂါဇာစစ်ပွဲကြောင့် ပါလက်စတိုင်းပြည်သူ သောင်းနဲ့ချီ သေဆုံးခဲ့ရပြီး ဒေသတစ်ခုလုံး ပျက်စီးခဲ့ရ တာကြောင့် အစ္စရေးဟာ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်က အခုလို စစ်ရေး ကူညီမှုတွေ ဆက်လက် လုပ်ဆောင်လာတာပါ။
၂၀၂၄ ခုနှစ်မှာ ဆိုင်းငံ့ထားခဲ့တဲ့ ဒီဗုံးတင်ပို့မှုကို ဒေါ်နယ်ထရမ့် တာဝန်ပြန်လည်ယူပြီးနောက်မှာ ပိတ်ပင်မှုကို ပယ်ဖျက်ပေးခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဒေါ်လာ ၆ ဒသမ ၆၇ ဘီလီယံ တန် လက်နက်အ ရောင်းအဝယ်ကို အတည်ပြုခဲ့ပါတယ်။
ပေါင် ၂,၀၀၀ လေး ဗုံးတွေဟာ မြေအောက် အဆောက်အအုံတွေကို တိုက်ခိုက်နိုင်သလို မြေပြင် ပေါ်မှာလည်း ကြီးမားတဲ့ ပျက်စီးမှုတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် အစ္စရေးဟာ ဂါဇာရှိ ဟားမတ်စ်တို့ရဲ့ မြေအောက်လိုဏ်ခေါင်းတွေကို တိုက်ခိုက်ရာမှာ သုံးစွဲခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။
အမေရိကန်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ရရှိထားပေမဲ့ မကြာခဏ ဆိုသလို တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး အင်္ဂါနေ့က တိုက်ခိုက်မှုတွေမှာ ပြည်သူအချို့ သေဆုံးခဲ့ရပါတယ်။
ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ဟား မတ်စ်အဖွဲ့ စတင်တိုက်ခိုက်ပြီးနောက် အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့် ဂါဇာမှာ ပါလက်စတိုင်းပြည်သူ ၇၃,၂၆၄ ဦး သေဆုံးခဲ့ပါတယ်။
ကိုးကား – AP
Ref; Trump administration plans to send powerful bombs to Israel in $3.6 billion weapons sale