ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ PDF-Zoland အချုပ်အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက် လာကြသည့် စစ်သုံ့ပန်း ၄၀ ကျော်သည် တီးတိန်မြို့အခြေစိုက် ရွေးတုအစိုးရစစ်တပ်၏ ခလရ -၂၆၉ တပ်ရင်းသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ခလရ -၂၆၉ တပ်ရင်းသည် အဆိုပါ စစ်သုံ့ပန်းများကို စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက တီးတိန်မြို့နယ်၊ လမ်ဇန်ကျေးရွာအနီးတွင် စစ်ကားတစ်စီးဖြင့် သွားရောက်ကြိုဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကားတစ်စီးနဲ့ စစ်သုံ့ပန်းတွေ ခလရ ၂၆၉ တပ်ရင်းထဲ ဝင်သွားတာမြင်ရတယ်။ ကားပေါ်မှာလည်း ကတုံးတွေနဲ့ အရပ်ဝတ် ဝတ်ထားတဲ့ စစ်သုံ့ပန်းတွေ ပျော်မြူးနေကြတာ တွေ့ရတယ်။ ကြားသိရတာက ခလရ -၂၆၉ တပ်ထဲက စစ်သားတွေက လမ်ဇန်ရွာမှာ သွားကြိုတာလို့ သိရတယ်” ဟု ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
PDF-Zoland အချုပ်အကျဉ်းထောင်ထဲမှ ထွက်ပြေးလွတ်မြောက်ကြသည့် စစ်သုံ့ပန်း ၄၀ ကျော်သည် ခလရ -၂၆၉ တပ်ရင်းထဲ ပြန်လည်ဝင်ရောက်သွားကြသလို တချို့ကို ပြန်လည်ဖမ်းမိပြီး တချို့မှာ ပျောက်ဆုံးနေကြောင်း သိရသည်။
“အယောက် ၄၀ ကျော်က ခလရ ၂၆၉ တပ်ရင်းကို ပြန်ရောက်တယ်။ အယောက် ၂၀ လောက် ပြန်ဖမ်း မိတာရှိတယ်။ ကျန်တာက ပျောက်ဆုံးနေတယ်” ဟု PDF-Zoland နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပျောက်ဆုံးသွားသည့် စစ်သုံ့ပန်းများကို ရွေးတုအစိုးရစစ်တပ်နှင့် PDF-Zoland တို့ဘက်ကလည်း တပ်ဖြန့်ကာ တောနင်းရှာဖွေလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက် ညပိုင်းတွင် တီးတိန်မြို့နယ်ရှိ PDF-Zoland အချုပ်အကျဉ်းထောင်မှ အရာရှိများအပါအဝင် စစ်သုံ့ပန်း ၈၀ ခန့်သည် အစောင့်ကို ရိုက်နှက်ပြီး သေနတ်လုယူကာ ထွက်ပြေး လွတ်မြောက်သွားခြင်းဖြစ်သည်။
အဆိုပါ စစ်သုံ့ပန်းများသည် တီးတိန်မြို့နယ်ရှိ ကနေဒီတောင်စခန်းသိမ်းပွဲနှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်တပ် တပ်ဖွဲ့ဝင်များ ဖြစ်သည်။
ပုံစာ- PDF- Zoland က ကနေဒီ တပ်စခန်းကို သိမ်းပိုက်စဉ် ဖမ်းမိသည့် စစ်သုံ့ပန်များ (၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာ)