ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်

မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်တွင် စစ်တပ်၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဦးစိုးမိုးနိုင်(ခ) ဒိန်းဒေါင်မှာ ထောင်တွင်း အရေးပေါ်ဆေးဝါးကုသခွင့် မရရှိမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း သိရသည်။

နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသည့် အသက် ၆၀ အရွယ် ဦးစိုးမိုးနိုင်အား ရုတ်တရက်အမောဖောက်လာချိန်တွင် မြင်းခြံဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ထောင်အာဏာပိုင်များက အချိန်မှီပို့ဆောင်ခဲ့ခြင်းမရှိသည့်အတွက် ဆေးရုံသို့ခေါ်ဆောင်လာချိန်တွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထောင်အာဏာပိုင်တွေကမိသားစုဆီကို စက်တင်ဘာ ၁၆ ရက်နေ့မနက်ပိုင်းမှ ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။ မိသားစုထံပြန်လည် သယ်ဆောင်ခွင့်ပြုခဲ့တာမရှိပါဘူး။ မွန်းလွဲ နှစ် နာရီအချိန်မှာ အကျဉ်းထောင်ရဲ့စီမံမှုနဲ့ မြင်းခြံမြို့က သုသာန်မှာပဲမြေမြှုပ်ခဲ့တာဖြစ်ပါတယ်” ဟုမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျဆုံးခဲ့သည့် နိုင်ကျဉ်းဦးစိုးမိုးနိုင်သည် ၈၈ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနှင့် ၂၀၂၁ နွေဦးတော်လှန်ရေးတို့တွင် မြတောင်သပိတ်စစ်ကြောင်းအပါအဝင် မန္တလေးမြို့၏ တော်လှန်ရေးဦးဆောင်သူတစ်ဦးအဖြစ် ရှေ့တန်းမှ ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် စစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ လက်နက်ဥပဒေ၊ ပေါက်ကွဲစေတက်သည့်ဝတ္ထုပစ္စည်းများအက်ဥပဒေ စသည့် စွပ်စွဲချက်များဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခဲ့ပြီး မြင်းခြံအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရခြင်းဖြစ်ကြောင်းသည်။

“ဒီလိုမျိုးအကျဉ်းသားတွေကို လုံလောက်တဲ့ဆေးကုသခွင့်တွေမပေးတာ ဆေးရုံကိုပို့ဖို့ကြန့်ကြာနေတာတွေဟာ အသက်ရှုံးဆုံးမှုတွေရဲ့ဖြစ်စဉ်ပဲဖြစ်တယ်။ ဒီလိုမျိုးလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အကျဉ်းထောင်အာဏာပိုင်တွေက တာဝန်ရှိတဲ့အကြောင်း PPNM အနေနဲ့ပြောလိုပါတယ်” ဟု PPNM တာဝန်ရှိသူက ဆက်လက်ပြောသည်။

စစ်တပ်၏ အာဏာသိမ်း ၅ နှစ်တာကာလအတွင်း ပြီးခဲ့သည့်မေလအထိစာရင်းများအရ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ၌ ဆေးကုသခွင့်လုံလောက်စွာမရရှိသည့်အတွက် မတရားဖမ်းဆီးခံထားရစဉ်အတွင်း သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများမှာ ၁၄၈ ဦးအထိရှိကြောင်း PPNM အစီရင်ခံစာအရသိရသည်။

ဓာတ်ပုံ – ကိုမြအေး