ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် ရွေးတုအစိုးရ လက်အောက်ခံ စစ်တပ်သည် မူးယစ်ဆေးဝါး စီးပွားရေးကို နှိမ်နင်းရန် ကြိုးပမ်းမှု မရှိသည့်အပြင် မူးယစ်ဆေးဝါး အဓိကထွက်ရှိရာ သို့မဟုတ် ဖြတ်သန်းသယ်ယူရာတွင် အဓိက ပါဝင်နေ၍ မြန်မာနိုင်ငံကို အမည်ပျက်စာရင်း တင်သွင်း လိုက်ကြောင်း အိမ်ဖြူတော်ထံမှ သိရသည်။
အမေရိကန်သမ္မတ ထရမ့်၏ အမေရိကန်ပြည်ထောင်စုအတွင်းသို့ တရားမဝင် မူးယစ်ဆေးဝါးများ တင်သွင်းခြင်းနှင့် ဖြတ်သန်းသယ်ယူခြင်းတို့အတွက် တာဝန်ရှိသည့် နိုင်ငံများကို အမည်ပျက် စာရင်းသွင်းထားရာ၌ နိုင်ငံပေါင်း ၂၃ ခု ပါဝင်ကြောင်း ယမန်နေ့ စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၂၃ နိုင်ငံအနက် မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယားနှင့် ကိုလံဘီယာ လေး နိုင်ငံသည် လွန်ခဲ့သည့် တစ်နှစ်အတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး သဘောတူ ညီချက်များပါ တာဝန်ဝတ္တရားများကို လိုက်နာရန် သိသိသာသာ ပျက်ကွက်ခဲ့ကြောင်း ဖော်ပြထားသည်။
“မြန်မာနဲ့ အာဖဂန်နစ္စတန်တို့က မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ သိသိသာသာ ပျက်ကွက်ခဲ့တယ်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထပ်မံဆုံးဖြတ်ထားသည်။
မြန်မာ စစ်တပ်သည် မူးယစ်ဆေးဝါး စီးပွားရေးကို နှိမ်နင်းရန် သိသာထင်ရှားသော ကြိုးပမ်းမှု မရှိသလောက်ဖြစ်ပြီး မြန်မာနိုင်ငံအား ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးမှုအများဆုံးနှင့် မက်သဖက်တမင်း (စိတ်ကြွဆေး) အများဆုံး ထုတ်လုပ်ဖြန့်ဖြူးသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

မြန်မာနှင့် ကိုလံဘီယာနိုင်ငံတို့သို့ အမေရိကန်၏ အကူအညီများ ဆက်လက်ပေးအပ်ခြင်းသည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားအကျိုးစီးပွားအတွက် အလွန်အရေးကြီးကြောင်း အမေရိကန်သမ္မတ ထရမ့်က ဆိုထားသည်။
အဆိုပါ အမေရိကန်သမ္မတ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ထုတ်ပြန်ချက်တွင် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့လည်း ပါဝင်ပြီး တရားမဝင် ဘိန်းစိုက်ပျိုးမှုကို ကိုင်တွယ်စစ်ဆေးမှု မြှင့်တင်ရန်နှင့် ဓာတုပစ္စည်း ရှေ့ပြေးပစ္စည်းများ ထုတ်လုပ်နေမှုများကို ထည့်သွင်းဖော်ပြထားသည်။
အိန္ဒိယအစိုးရအနေဖြင့် တရားမဝင် ဘိန်းစိုက်ပျိုးမှုကို ကိုင်တွယ်ရန်၊ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် စိစစ်စစ်ဆေးမှုကို မြှင့်တင်ရန်နှင့် အမေရိကန်-အိန္ဒိယ မူးယစ်ဆေးဝါးမူဝါဒ မူဘောင်မှတစ်ဆင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) သည်လည်း ဖန်တာနေးလ်၊ မက်သဖက်တမင်း (စိတ်ကြွဆေး) နှင့် အခြားသေစေတတ်သော တုပမူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ရှေ့ပြေးဓာတု ပစ္စည်းများကို ကမ္ဘာပေါ်တွင် အများဆုံး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပါရှိသည်။
အဆိုပါ မူးယစ်ဆေးဝါး အဓိကဖြတ်သန်းရာ သို့မဟုတ် မူးယစ်ဆေးဝါး အဓိကထုတ်လုပ်ရာ နိုင်ငံများအဖြစ် သတ်မှတ်လိုက်သည့် နိုင်ငံများတွင် အာဖဂန်နစ္စတန်၊ ဘာဟားမားစ်၊ ဘလိဇ်၊ ဘိုလီးဗီးယား၊ မြန်မာ၊ တရုတ်၊ ကိုလံဘီယာ၊ ကော့စတာရီကာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွာ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူးနှင့် ဗင်နီဇွဲလား တို့ ပါဝင်သည်။
အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံသားများ၏ လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသော မည်သည့် နေရာမဆို မူးယစ်အကြမ်းဖက်သမားများကို ချေမှုန်းရန် ကမ္ဘာပေါ်တွင် အင်အားအတောင့်တင်းဆုံး စစ်တပ်ကို စေလွှတ်နိုင်ကြောင်း သမ္မတ ထရမ့်က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – White House, လူမှုကွန်ရက်