‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၁၇ ရက်

‎ရွေးတုအစိုးရစစ်တပ်သည် တိုက်ပွဲများအတွင်း ထိခိုက်‌သေဆုံးမှု များပြားခြင်းနှင့် အင်အားလိုအပ်ချက် မြင့်မားလာခြင်းတို့ကြောင့် ပိတ်ထားခဲ့သည့် စစ်သင်တန်းကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်ကာ သင်တန်းသားများ ထပ်မံလက်ခံ လေ့ကျင့်ပေးလျက်ရှိ‌ကြောင်း သိရသည်။

‎စစ်မှုထမ်း အမှတ်စဉ် (၂၇) မှစ၍ ကလေးမြို့အခြေစိုက် တတက (၁၀) နှင့် သပိတ်ကျင်းမြို့နယ်အခြေစိုက် တတက (၁၃) တန်းမြင့်သင်တန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့‌ကြောင်း MDSIထံမှ သိရသည်။

‎”အရင်က အပတ်စဉ်တစ်ခုစကာနီးမှာ လူဖမ်းပွဲလုပ်တာ။ အခုက ဘယ်လိုနည်းနဲ့ရရ လူဆွဲနေတယ်။ မြို့လယ်ခေါင်ကြီးလည်း ကားရပ် ဆွဲကုတ်တင်သွားလည်း ခံရတာပဲ။ စစ်အရာရှိတွေကအစ အခုပေါ်တာဆွဲ လူမှောင်ခို ဂိုဏ်းထဲ ပါနေတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎စစ်တပ်သည် နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းသင်တန်းကျောင်း စုစုပေါင်း (၂၇) ခုအထိ ဖွင့်လှစ်ထားရှိပြီး လက်ရှိတွင် ကျောင်း (၂၄) ခု၌ ပေါ်တာဆွဲ ဖမ်းဆီးလာသည့် သင်တန်းသားများကို ပုံမှန်လက်ခံလေ့ကျင့်ပေးနေပြီး အပတ်စဉ် (၂၈) ကို စက်တင်ဘာ ၇ရက်က ဖွင့်လှစ်လိုက်ကြောင်းလည်း သိရသည်။

‎ထို့အပြင် စစ်မှုထမ်းသင်တန်းကျောင်းများအတွင်းမှ ထွက်ပြေးရန် ကြိုးပမ်းသူများကို ဖမ်းဆီးအရေးယူခြင်း၊ ပြန်လည်ဖမ်းမိပါက ပြင်းထန်စွာ နှိပ်စက်ညှင်းပန်းခြင်းများကြောင့် သေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိသည်။ စစ်မှုထမ်းအင်အား ပြည့်မီရေးအတွက် အဆင့်ဆင့်သော အာဏာပိုင်များ၏ ဖိအားပေးမှုများနှင့် အကျိုးအမြတ်ရှာဖွေမှုများကြောင့် လူဖမ်း၊ ပြန်ပေးဆွဲ ငွေညှစ်ဂိုဏ်းများပါ ပေါ်ပေါက်လာနေသည်။

‎အခြားတစ်ဖက်တွင်လည်း စစ်တပ်သည် လမ်းသွားလမ်းလာများနှင့် မြို့နယ်အသီးသီးရှိ ပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ မတရားဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

‎စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက်နေ့အတွင်း ရန်ကုန်တိုင်းရှိ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒေါပုံ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ လှိုင်နှင့် အင်းစိန်မြို့နယ် စသည့် မြို့နယ် ၁၀ ခုမှ ပြည်သူ ၃၈ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

‎၎င်းတို့အနက် ၃၄ ဦးမှာ လမ်းပေါ်တွင် သွားလာနေစဉ် သို့မဟုတ် လမ်းဘေးတွင် ရှိနေစဉ် ရမ်းသမ်းဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး၊ ၂ ဦးမှာ လမ်းပေါ်တွင် စိစစ်စစ်ဆေးခံရအပြီး ဖမ်းဆီးခံရခြင်း၊ ၁ ဦးမှာ လိမ်လည်ခေါ်ဆောင်ခံရခြင်းနှင့် ကျန် ၁ ဦးမှာ နေအိမ်အထိ ဝင်ရောက်ရှာဖွေဖမ်းဆီးခံရခြင်းတို့ဖြစ်သည်။

‎ထို့ပြင် စက်တင်ဘာ ၄ ရက်မှ ၆ ရက်နေ့အတွင်း ကမာရွတ်၊ စမ်းချောင်း၊ တာမွေ၊ ဒေါပုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ လှိုင်သာယာနှင့် သန်လျင်မြို့နယ် စသည့် မြို့နယ် ၈ ခုမှ ပြည်သူ ၁၉ ဦးထက်မနည်း ဖမ်းဆီးခံရသည့် သတင်းများ ရှိခဲ့သည်။

‎စစ်မှုထမ်းဥပဒေကို ဆက်လက်ဖော်ဆောင်သွားမည်ဟု စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားပြီး စစ်တပ်က လူငယ်များကို အတင်းအဓမ္မဖမ်းဆီးမှုများ ပြောင်ပြောင်တင်းတင်း ပြုလုပ်လျက်ရှိသည်။

‎ဓာတ်ပုံ- MDSI