ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
မလေးရှားနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့် ဆောင် ရွက်နိုင်ဖို့ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ကို တရားဝင် လာရောက်ဖို့ ဖိတ်ကြားမယ်လို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အန်ဝါအီဘရာဟင်ရဲ့ အဆိုပါဖိတ်ကြားချက်သာ အကောင်အထည် ပေါ်လာပါက ၂၀၂၁ ခုနှစ် အာ ဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာမှာ အပယ်ခံဖြစ်နေတဲ့ မင်းအောင်လှိုင်အတွက် သံတမန်ရေးအရ တ ရားဝင်မှု ရရှိရေး ကြိုးပမ်းမှုမှာ နောက်ထပ် ခြေလှမ်းတစ်လှမ်း ဖြစ်လာဖွယ် ရှိနေပါတယ်။
“ကျွန်တော်တို့ ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းနိုင်တယ်၊ ကုန်သွယ်မှုတွေ လုပ်နိုင်တယ်၊ မြန်မာနိုင် ငံကို လက်ခံနိုင်တယ်၊ ဒါပေမဲ့ မြန်မာကလည်း ဒုက္ခသည်တွေကို ပြန်လည်လက်ခံရမယ်ဆိုတဲ့ အချက်နဲ့ ဖိတ်ခေါ်တာဖြစ်ပါတယ်” ဟု ၎င်းက ပေါ့ဒ်ကတ်စ်တစ်ခုမှာ ပြောကြားခဲ့တာပါ။
မလေးရှားနိုင်ငံဟာ ယခင်က မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ ရှိပေမယ့် ယခုအခါ ရိုဟင်ဂျာ ပြဿနာကို ပြေလည်စေဖို့ ပုံစံသစ်တစ်မျိုးနဲ့ သံတမန်ရေးအရ ချဉ်းကပ် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံကို အော်ဟစ်ဆဲဆိုနေတာထက်စာရင် ဒီလို သံတမန်ရေးနည်းလမ်းက ပိုကောင်းပါ တယ်။ အာဆီယံမူအတိုင်း မြန်မာစစ်တပ်နဲ့ တိုက်ရိုက် ဆက်ဆံရေး မရှိဘူးဆိုရင် ကျွန်တော်တို့က ဘယ် သူနဲ့ သွားရောက် ညှိနှိုင်းရမှာလဲ” လို့ အန်ဝါအီဘရာဟင်က ပြောပါတယ်။
ယခု ကမ်းလှမ်းချက်ကို မြန်မာက လက်ခံခဲ့ပါက မင်းအောင်လှိုင်ရဲ့ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံတို့ပြီးနောက် ၅ ခုမြောက် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုသို့ သွားရောက်တဲ့ ခရီးစဉ် ဖြစ် လာမှာပါ။
မလေးရှားနိုင်ငံဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းမှာ လက်မှတ်ရေး ထိုးထားခြင်း မရှိပေမယ့် မြန်မာနိုင်ငံမှ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၂၆,၀၀၀ ကျော်ကို လက်ခံ ထားပါတယ်။
မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ကို ပြန်လည်လက်ခံဖို့ မြန်မာက သဘော တူထားကြောင်း အန်ဝါအီဘရာဟင်က ဇူလိုင်လအတွင်း ပြောကြားခဲ့ပါတယ်။
ဆန္ဒအလျောက် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ရဲ့ ပထမအဆင့်အဖြစ် မြန်မာဒုက္ခသည် ၁,၅၀၀ ကို လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မယ်လို့ မလေးရှားအစိုးရက အ တည်ပြုထားပါတယ်။
အာဆီယံအဖွဲ့ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေး များ တက်ရောက်ခွင့် ပိတ်ပင်ထားပြီး မြန်မာစစ်ပွဲနဲ့ ဒုက္ခသည်ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ကိုးကား – Al Jazeera
Ref; Malaysia offers to invite Myanmar leader in Rohingya repatriation push