‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၁၇ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ မြို့မရဲစခန်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက် နံနက် ၁၀ နာရီ ဝန်းကျင်က အစည်းအဝေးပြုလုပ်နေစဉ် မြို့နယ်မှူး ရဲမှူး မင်းသန်းစိုးသည် နှလုံးသွေးကြောကျဉ်း ရောဂါအခံဖြင့် ရုတ်တရက် လဲကျသေဆုံးသွားခဲ့ကြောင်း သိရသည်။

ရွေးတုအစိုးရလက်အောက် သာပေါင်းမြို့နယ် ရဲစခန်းမှူးသည် ရုံးတွင်း အစည်းအဝေးပြုလုပ်နေစဉ် လက် အောက်ငယ်သားများကို ဆူပူကြိမ်းမောင်းနေရင်း လဲကျသွားခြင်းဖြစ်ပြီး ဆေးကုသမှုခံယူရန် ပြင်ဆင်နေစဉ်မှာပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“ဦးစားပေးအလုပ်တွေ၊ ဌာနတွင်း အပြောင်းအရွှေ့နဲ့ လိုင်းကြေးကိစ္စအပါအဝင် ထောက်ပံ့ရေးကိစ္စတွေ ဆွေးနွေးရာက ငြင်းခုံအော်ဟစ်ရင်း လဲသေသွားတာလို့ သိရတယ်” ဟု လုံခြုံရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသွားသည့် မြို့နယ်မှူး၏ရုပ်အလောင်းကို ယနေ့နာရေးလုပ်ကြောင်း သိရသည်။

သာပေါင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်သည့် ရဲအရာရှိကြီးများကြားတွင် သေဆုံးဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားနေပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ဦးသည် ကျားခေါင်းကျေးရွာဘက်သို့ ရိက္ခာသွားရောက်ပို့ဆောင်စဉ် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

သာပေါင်းမြို့နယ်သည် ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် အာရက္ခတပ်တော် (AA) အပါအဝင် PDF တပ်ဖွဲ့များ၏ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် ဒေသတစ်ခုဖြစ်သလို စစ်တပ်၏ အထွေထွေဖိအားပေးမှုများနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လိုအပ်ချက်များကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် အရာရှိ များအကြား စိတ်ဓာတ်ကျဆင်းမှုများနှင့် ဖိအားများ ပြည့်နှက်နေကြောင်း သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

ယခုအခါ ရှေ့တန်းစခန်းများတွင် ရဲတပ်သားများပါ လိုက်ပါနေရပြီး ထောက်ပို့ကိစ္စရပ်များတွင် အဓိက တာဝန်ယူရသည့်အပြင် တပ်ပြေးများကိုပါ လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေရကြောင်း သိရသည်။