ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ‘Operation Epic Fury’ ခေါ် အီရန်စစ်ဆင်ရေးဟာ ပထမ ၄ လအတွင်းမှာ ကုန်ကျစရိတ် ဒေါ်လာ ၃၃ ဒသမ ၄ ဘီလီယံ ရှိလာပြီး ဒုံးကျည်နဲ့ ခဲယမ်းမီးကျောက် လိုအပ် ချက်တွေ ဖြစ်ပေါ်နေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှ ဇွန် ၃၀ ရက်အထိ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးတွဲ စစ်ဆင်ရေးအတွင်း ခဲယမ်းမီးကျောက် ဝယ်ယူမှုအတွက် ဒေါ်လာ ၂၂ ဒသမ ၃ ဘီလီယံ သုံးစွဲခဲ့ရကြောင်း အမေရိကန်လွှတ် တော်သို့ တင်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အဆိုပါစစ်ဆင်ရေးကြောင့် အမေရိကန်ရဲ့ လက်နက်လက်ကျန်ပမာဏ နည်းပါးသွားရုံမျှမက လက်နက်ထုတ်လုပ်ရေး ကဏ္ဍတွင်ပါ အကျပ်အတည်းများ ဖြစ်ပေါ်နေကြောင်း စစ်ဆေးရေးအရာရှိချုပ် ပ လတ်ဘီမိုရင်းက သတိပေးပါတယ်။
အီရန်ရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေကြောင့် အမေရိကန် F-15E တိုက်လေယာဉ် ၄ စီးနဲ့ MQ-9 Reaper ဒရုန်း အစီး ၃၀ နီးပါး ပျက်စီးခဲ့ပြီး F-35A တိုက်လေယာဉ်တစ်စီး အပါအဝင် ဆီဖြည့်လေယာဉ် တွေနှင့် ရဟတ်ယာဉ်တွေပါ ပျက်စီးခဲ့ပါတယ်။
အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်သံရုံးနဲ့ သံတမန် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုအတွက် ဒေါ်လာ ၁၈၄ သန်းကျော် ကုန်ကျခဲ့ပြီး အရေးပေါ် ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်အ တွက် ဒေါ်လာ ၇၉ သန်းကျော် ကုန်ကျခဲ့ပါတယ်။
အမေရိကန် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS) မှ ကျွမ်းကျင်သူ မာ့ခ်ကန်စီ ယန်က အီရန်စစ်ပွဲအတွက် လက်နက် လုံလောက်မှုရှိပေမယ့် တရုတ်နဲ့ စစ်ဖြစ်ပါက ရေရှည်အတွက် လက်နက် ထောက်ပံ့နိုင်ဖို့ ကြီးမားသော စိန်ခေါ်မှု ဖြစ်လာနိုင်ကြောင်း သုံးသပ်ပါတယ်။
ဒေါ်နယ်ထရမ့်က လက်နက်ပြတ်လပ်မှု မရှိကြောင်း၊ အမေရိကန်စက်ရုံများက PATRIOT၊ THAAD နဲ့ Tomahawk ဒုံးကျည်တွေကို ၂၄ နာရီပတ်လုံး အရှိန်အဟုန်မြှင့် ထုတ်လုပ်နေကြောင်း သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အမေရိကန်ကြည်းတပ်အနေနဲ့ တာဝေးပစ် ဒုံးကျည်လက်ကျန် နည်းပါးသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး စစ်ပွဲကြောင့် စီးပွားရေးနဲ့ စစ်ရေး ဝန်ထုတ်ဝန်ပိုးတွေ ကြီးမားလာပါတယ်။
ပင်တဂွန် စစ်ဌာနချုပ် အစီရင်ခံစာ ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က အစိုးရအဖွဲ့မှာ သတင်းပေါက်ကြားသူတွေကို ထောင်ဒဏ်ချမှတ်မယ်လို့ ကြိမ်းမောင်းထားပါတယ်။
အီရန်စစ်ပွဲ ရေရှည်ကြန့်ကြာလာလာတာနဲ့အမျှ အမေရိကန်ရဲ့ ကာကွယ်ရေးဘတ်ဂျက်နဲ့ စစ်ရေး အင်အားအပေါ် ရိုက်ခတ်မှုတွေ ရှိနေမှာဖြစ်ပါတယ်။
ကိုးကား – Independent
Ref; US defense chiefs warn of munitions shortfall as Iran war costs hit $33bn