ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရေတပ်စခန်းမှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ ထိုးစစ်ဆင် လာသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်ကြောင်းသည် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများအတွင်း အထိနာ သေဆုံးမှု များပြားနေသည့်အတွက် လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက် ရှိကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့မှစ၍ စစ်တွေမြို့နယ်ရှိ တပ်ရင်းများမှ ပုဏ္ဏားကျွန်း မြို့နယ်ဘက်သို့ စစ်ကြောင်း သုံးကြောင်းခွဲ၍ ရန်နိုင်အောင်စစ်ဆင်ရေး (စစ်တပ်ထောက်ခံသူများ၏ အဆိုအရ ၄၉၂၆ စစ်ဆင်ရေး) အမည်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်။
အဓိကအဓိကပင်မ စစ်ကြောင်း သုံးခုခွဲ၍ ထိုးစစ်ဆင်လာရာ ရွှေမင်းဂံ ရေတပ်စခန်းမှ ထိုးစစ်ဆင် လာသည့် စစ်ကြောင်းမှာ ရဲရိုးပြင်ကျေးရွာအနီး ကမ်းတက်နေရာများတွင် တိုက်ခိုက်ခံနေရပြီး ထိခိုက် သေဆုံးမှုများပြားနေကြောင်း သိရသည်။
”ရွှေမင်းဂံဘက်က စစ်ကြောင်းမှာ သေတာများသလို လက်နက်ချတဲ့သူတွေအထိရှိနေတယ် လို့သိရ တယ်” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါစစ်ကြောင်းတွင် စစ်အင်အား ၂၀၀ ခန့်ပါဝင်ပြီး ပင်မစစ်ကြောင်း သုံးခုအပြင် စစ်ကြောင်းငယ် နှစ်ခုလည်း ရှိခဲ့ကာ ပုဏ္ဏားကျွန်း စစ်ဆင်ရေးအတွက် အင်အား ၁၀၀၀ နီးပါး သုံးထားကြောင်း သိရသည်။
ရွေးတုအစိုးရ စစ်တပ်သည် မြေပြင်တိုက်ပွဲများတွင် အရေးနိမ့်ကာ အထိနာနေသောကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာနှင့် အနီးဝန်းကျင်နေရာများကို လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ယနေ့ စက်တင်ဘာ ၁၇ ရက် နံနက် ၇နာရီခန့်တွင်လည်း ဂျက်ဖိုက်တာ နှစ် စီး၊ Y-12 လေယာဉ်များဖြင့် ပုဏ္ဏားကျွန်းကို ဗုံးကြဲခဲ့သည့်အပြင် ဂျက်ဖိုက်တာ လေး စီးဖြင့် နံနက် ၉နာရီခန့်က ကွမ်းတောင်ဘက်ကို အနည်းဆုံး ၇ ကြိမ် မက ဆက်တိုက် ဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ မွန်းလွဲပိုင်းတွင်လည်း မြောက်ဦးမြို့ရှိ တပ်စခန်းဟောင်း နှစ် ခုကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖြစ်ပွားခဲ့သော စစ်တပ်၏ “၄၉၂၆ စစ်ဆင်ရေး” အတွင်း တပ်ရင်းမှူး၊ စစ်ကြောင်းမှူး အပါအဝင် စစ်တပ်ဘက်မှ သေဆုံးသူ ၁၀၀ ကျော်အထိ ရှိလာကြောင်း သိရသည်။
ပုံစာ-ရွေးတုအစိုးရ စစ်တပ် တပ်ဖွဲ့ဝင်များ(ပုံဟောင်း)