ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
ဗန်းမော်မြို့သို့ ဦးတည်ဆန်တက်လာသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘောများအနက် အစီး ၂၀ ထိ ဖျက် ဆီးနိုင်ခဲ့ကြောင်း ယမန်နေ့ စက်တင်ဘာ ၁၆ ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထုတ်ပြန်ထားသည်။
ထို့ပြင် KIA ထိန်းချုပ်နယ်မြေဘက်သို့ စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရစစ်တပ်၏ တပ်ရင်းများကို ကောင်ဂျာယန်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အမြောက်အမြား သေဆုံးပြီး စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့သည့်အပြင် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ခုလုံးနီးပါးလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းမှာ လက်လွှတ်ဆုံးရှုံးထားရသည့် မံစီမြို့နယ်ရှိ အမှတ် (၅၂၃) အမြောက်တပ်ရင်းကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
“သင်္ဘောတွေအစီး ၂၀အထိဖျက်စီးနိုင်ခဲ့သလို အင်အားဖြည့်မယ့် စင်ခန်းဘက်က စစ်ကြောင်းတွေကိုပါ ၁၅ရက်နေ့က တပ်ပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရေကြောင်းတိုက်ပွဲများနှင့် ပတ်သက်၍ စက်တင်ဘာလ ၂ ရက်နေ့က သင်္ဘော ၈ စီးအထိ ဖျက်ဆီးနိုင်ခဲ့ပြီး နှစ် စီးမှာ လက်နက်ချ ကမ်းကပ်ခဲ့ရသည်။ ထို့ပြင် စက်တင်ဘာလ ၁၆ ရက်နေ့တွင်လည်း သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ရကာ အခြား နှစ် စီးမှာ လှည့်ပြန်ပြေးခဲ့ရသည်။

ထို့အပြင် စက်တင်ဘာ ၁၃ရက်နှင့် ၁၄ရက်အတွင်း ဖောက်ခွဲနှစ်မြှုပ်လိုက်သည့် သင်္ဘောများတွင် ဗန်းမော်မှ မန္တလေးကိုပြန်လိုက်မည့် စစ်အရာရှိများ ပါဝင်ခဲ့ပြီး ကမ်းပေါ်သို့ အသက်လုထွက်ပြေးခဲ့ရသည်။
လက်ရှိတွင် ဗန်းမော်မြို့ရှိ စစ်တပ်အထိုင်တပ်ရင်းများက မြို့အနီးဝန်းကျင်သို့ စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြုလုပ်နေပြီး လေကြောင်းမှလည်း နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။