ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေမှာ အားပေးကူညီမှု သံသယနဲ့ တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီကို စုံစမ်းစစ်ဆေးနေပြီလို့ နော်ဝေရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက်မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်မှုနဲ့လည်း ဆက်စပ်နေပြီး နော်ဝေ အ မျိုးသား ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနနဲ့ PST လုံခြုံရေးတပ်ဖွဲ့တို့က အော်စလိုမြို့မှာရှိတဲ့ တယ်လီ နောဌာနချုပ်ကို ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေ ကျူးလွန်နေ ချိန်မှာ တယ်လီနောမြန်မာဟာ သုံးစွဲသူတွေ၏ ဖုန်းခေါ်ဆိုမှုနဲ့ အချက်အလက်ဆိုင်ရာ ရာဇဝင်တွေကို စစ် ကောင်စီထံ အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆွီဒင်နိုင်ငံအခြေစိုက် အဖွဲ့အစည်းတစ်ခုက တယ်လီနောဟာ စစ်ကောင်စီကို ဆန့်ကျင်သူတွေရဲ့ ဖုန်းခေါ်ဆိုမှုနဲ့ တည်နေရာ အချက်အလက်တွေကို ပေးအပ်ခဲ့တာကြောင့် ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ တစ်ဦး သေဒဏ်ပေးခံခဲ့ရလို့ အစုအဖွဲ့လိုက် တရားစွဲဆိုထားတာလည်း ရှိပါတယ်။

တယ်လီနောဟာ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီထံ စိစစ်ကန့်သတ်ထားတဲ့ ထောက်လှမ်းရေး စက်ပစ္စည်းတွေ လွှဲပြောင်းရောင်းချခဲ့မှုမှာ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မယူခဲ့တဲ့အ တွက်လည်း စစ်ဆေးခံနေရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တယ်လီနောက စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ အနီးကပ် ပူးပေါင်းဆောင် ရွက်နေပြီး အမှန်တရား ပေါ်ပေါက်ရေးအတွက် တတ်နိုင်သမျှ ကူညီပေးမယ်လို့ တုံ့ပြန်ထားပါတယ်။

အာဏာသိမ်းမှုဟာ မြန်မာပြည်သူတွေအတွက် ဝမ်းနည်းစရာ ထိခိုက်မှုဖြစ်ပြီး သူတို့အနေနဲ့ မဖြစ် မနေ ရွေးချယ်စရာမရှိတဲ့ အကျပ်အတိုင်းနဲ့ ကြုံတွေ့ခဲ့ရတာလို့ တယ်လီနောက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အမိန့်ကို မနာခံဘူးဆိုရင် ဝန်ထမ်းတွေအနေနဲ့ ထောင်ဒဏ်၊ ညှဉ်းပန်းနှိပ်စက်ခံရမှု သို့မဟုတ် သေဒဏ်အထိ ကြုံတွေ့ရနိုင်တာကြောင့် ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို စွန့်စားပြီး အမိန့် ကို မဖီဆန်နိုင်ခဲ့တာလို့ တယ်လီနောက ပြောပါတယ်။

နယ်စည်းမခြား ဥပဒေပညာရှင်များ ကော်မရှင် (ICJ) နဲ့ ပူးပေါင်းပြီး အချက်အလက်တွေ တိုင် ကြားခဲ့တဲ့ Justice For Myanmar (JFM) အဖွဲ့က နော်ဝေရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ကြိုဆိုကြောင်း ပြောကြားပါတယ်။

တယ်လီနောအနေနဲ့ စစ်တပ်နဲ့ ဆက်စပ်သူတွေထံ ထောက်လှမ်းရေး နည်းပညာတွေ လွှဲပြောင်း ပေးခဲ့မှုနဲ့ လျှို့ဝှက်ချက်တွေ ပေးအပ်ခဲ့မှုအတွက် မြန်မာပြည်သူတွေကို ထိခိုက်အောင် လုပ်ဆောင်ခဲ့မှုအ ပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာမယ်လို့ မျှော်လင့်ကြောင်း JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောဟာ မြန်မာနိုင်ငံရှိ လုပ်ငန်းတွေကို ရောင်းချခဲ့ ပြီး ၂၀၂၂ ခုနှစ် မတ်လအတွင်းမှာ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား – Reuters
Ref; Norway police investigate Telenor over suspected crimes against humanity in Myanmar