ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

‎​ကချင်ပြည်နယ်၊ ရွှေကူနှင့် ဗန်းမော်မြို့ကြားတွင် စစ်တပ်၏ ရေယာဉ်အုပ်စု လုံခြုံရေးအတွက် ‌ဗုံးကြဲပျံသန်းပေးနေသည့် Y-12 အမျိုးအစား စစ်လေယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ် ထိမှန်ပြီး မီးခိုးများထွက်ကာ မီးလောင်ပျက်ကျသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို အတည်ပြုသည်။

‎အဆိုပါ Y-12 စစ်လေယာဉ်သည် ယနေ့ စက်တင်ဘာ ၁၆ရက်က တိုက်ခိုက်ခံရပြီးနောက် စောင်းသွားကာ မီးခိုးတလူလူဖြင့် ရွာများနှင့် ဝေးကွာသည့်ဘက်သို့ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ပျက်ကျသွားသည့် နေရာသို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

‎”ကချင်ဘက် လေယာဉ်ပျက်ကျတာ မှန်ပါတယ်။ အသေးစိတ်တော့မသိရသေးပေမယ့် လေယာဉ်စိုက်ဆင်းသွားရာဘက် ရှာဖွေမှုလုပ်နေတယ် ပြောပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ဗန်းမော်ကို စစ်ကူ ရိက္ခာပို့သည့် စစ်သုံးလေယာဉ်၊ ရဟတ်ယာဉ်များနှင့် ဗုံးကြဲ တိုက်ခိုက်ရေး လေယာဉ်များကို KIAက တိုက်ရိုက်ထိမှန်အောင် ပစ်ခတ်ဖျက်စီးထားနိုင်သည့်အတွက် စစ်တပ်က ရေကြောင်းအသုံးပြုကာ စစ်ကူ၊ ရိက္ခာနှင့် ခဲယမ်းပို့ရန် ကြိုးစားနေခြင်းဖြစ်သည်။

ရွေးတုအစိုးရ စစ်တပ်၏ စစ်သင်္ဘောများသည် ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင်ပင် ရွှေကူဘက်မှ ဗန်းမော်ဘက်သို့ ဆန်တက်ရန် ကြိုးပမ်းခဲ့ကြရာ ဝဲကြီးကျေးရွာအနီးအရောက်တွင် KIA နှင့် ပူးပေါင်းတပ်များက အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

‎​ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော တစ်စီးမှာ ခဏအတွင်း ရေထဲသို့ မြုပ်သွားခဲ့ပြီး ကျန်ရှိသည့် စစ်သင်္ဘောများမှာ ဗန်းမော်သို့ ဆက်လက် မတက်ရောက်နိုင်တော့ဘဲ ရွှေကူမြို့ဘက်သို့ နောက်ကြောင်းပြန်လှည့်သွားခဲ့ရသည်။

‎​လတ်တလောတွင် KIA ပူးပေါင်းတပ်များသည် ဧရာဝတီမြစ်ကြောင်းအတိုင်း သွားလာနေသည့် စစ်တပ်၏ ရေယာဉ်အုပ်စုများကို ဆက်တိုက်ဆိုသလို အစုန်၊ အဆန် ဖြတ်သန်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ပုံစာ- စစ်တပ် Y-12 လေယာဉ် တစ်စီးအား တွေ့ရစဉ်။