ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ထွက်ပြေးလွတ်မြောက်သွားသည့် ရွေးတုအစိုးရတပ် စစ်သုံ့ပန်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ် – ဇိုလဲန်း (PDF Zoland) တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဘာသာရေးခေါင်းဆောင် ပါစတာတစ်ပါး ကျည်ထိမှန် ကွယ်လွန်သွားကြောင်း သိရသည်။
PDF Zoland ၏ ထိန်းသိမ်းစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ ပန်းများနှင့် PDF Zoland တပ်ဖွဲ့တို့ စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီဝန်း ကျင်က Kaptel ကျေးရွာအနီးတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။
ထိုသို့ ပစ်ခတ်မှုအတွင်း ဘာသာရေးကိစ္စဖြင့် ခရီးသွားလာနေသည့် Lamzang ရွာမှ နှစ်ချင်းခရစ်ယာန်အသင်းတော် ပါစတာ Rev. Dal Thawn Tuang မှာ ကျည်ထိမှန် ကွယ်လွန်သွားခဲ့ပြီး အစ်ကိုဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“ဘာသာရေး ကိစ္စနဲ့ ခရီးသွားရာကနေ ရွာပြန်လာတာ Kaptel ရွာအနီး တံတားမှာ ကျည်ထိသွားတာပါ။ အစ်ကိုဖြစ်သူလည်း ဒဏ်ရာရတယ်။ ပါစတာက ကွယ်လွန်သွားတယ်”ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးသွားသည့် ပါစတာမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ကြောင့် ကျည်ထိမှန်ခဲ့သည်ကို သီးခြား အတည်မပြုနိုင်သေးဘဲ မည်သည့်ဘက်က ပစ်ခတ်သည့် ကျည်ဆန်ဆိုသည်ကို သိရှိရခြင်းမရှိသေးကြောင်း သတင်းရင်းမြစ်က ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်ညက PDF Zoland ထိန်းသိမ်းထားသော ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးတစ်ဦး အပါအဝင် ရွေးတုအစိုးရတပ် စစ်သုံ့ပန်း ၈၀ ခန့်သည် အချုပ်စောင့်တပ်ကို ရိုက်နှက်ကာ သေနတ်လုယူ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ပန်းများကို PDF Zoland တပ်ဖွဲ့က တပ်ဖြန့်ကာ တောနင်းရှာဖွေရာမှ စက်တင်ဘာ ၁၄ ရက်တွင် ယခုကဲ့သို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပုံစာ- ကျည်ထိမှန် ကွယ်လွန်သူ နှစ်ချင်းခရစ်ယာန်အသင်းတော် ပါစတာ Rev. Dal Thawn Tuang ။