ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ သရက်ငူကျေးရွာအုပ်စုတွင် ရွေးတုအစိုးရခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေးဟုဆိုကာ လူတစ်ဦးကို တစ်ကြိမ်လျှင် ငွေကျပ် ငါး သောင်းမှ ရှစ်သောင်းအထိ တောင်းယူနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။

သရက်ငူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအုန်းကျော်မြင့်သည် ရပ်ကျေးတာဝန်ခံများ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို ဖိအားပေးကာ ငွေကြေးလိုက်လံ ကောက်ခံခိုင်းနေခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“အိမ်မှာကျန်ခဲ့တဲ့ အမျိုးသမီးတွေ၊ မိသားစုဝင်တွေကို အဓိက ဖိအားပေးတာပါ။ အဲဒီလို ဖိအားပေးလို့ မရတဲ့အခါကျမှ အပြင်ရောက်နေတဲ့သူတွေဆီကို ဖုန်းဆက်ပြီး ထပ်ခြိမ်းခြောက်တာပါ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းသို့ ငွေကြေးကောက်ခံနေမှုမှာ နှစ်နှင့်ချီ၍ ကြာမြင့်နေပြီဖြစ်သော်လည်း စက်တင်ဘာမှစတင်ကာ အိမ်ထောင်စုတစ်စုလုံးအတွက် မဟုတ်ဘဲ လူတစ်ဦးချင်းစီအလိုက် ပေးဆောင်ရန် ပြောဆိုလာခြင်းဟု သိရသည်။

ထို့ပြင် ကျေးရွာတွင်မရှိဘဲ အခြားဒေသသို့ ရောက်ရှိနေသူများကိုပါ ဖုန်းဖြင့်ဆက်သွယ်ကာ ငွေမပေးပါက စစ်ပြေးအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း၊ ရွာသို့ ပြန်လာခွင့်မရအောင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် နေအိမ်ရှိ မိသားစုဝင်များကို ဦးစွာအရေးယူမည်ဖြစ်ကြောင်း ဖိအားပေး ခြိမ်းခြောက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။

ယခုကဲ့သို့ အကျပ်ကိုင် ငွေကြေးတောင်းခံမှုများကြောင့် သရက်ငူကျေးရွာအုပ်စုရှိ ဒေသခံများမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်နေရကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရှိရသည်။

လက်ရှိတွင် ရွေးတုအစိုးရတပ်က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၂၈ အထိ စစ်သင်တန်းပေးနေပြီး သင်တန်းပြီးဆုံးပါက စစ်အင်အားလိုနေသည့် ဒေသများသို့ ပို့ဆောင်မည်ဖြစ်သည်။