ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

 

နိုင်ငံတကာ၏ လေယာဉ်ဆီ တင်သွင်းမှု ပိတ်ဆို့အရေးယူမှုများ ကြုံတွေ့နေရချိန်တွင် ရွေးတုအစိုးရသည် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုအတွက် အဓိကလိုအပ်နေသည့် လေ ယာဉ်ဆီနှင့် စက်သုံးဆီများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်း၊ သန်လျင်ရေနံချက်စက်ရုံ စီမံကိန်း အပိုင်း (၁) ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်က စတင်၍ စမ်းသပ်လည်ပတ်ခဲ့ကြောင်း သိရသည်။

 

စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းမဖြစ်ဘဲ ရပ်နားထားရသည့် အဆိုပါ စက်ရုံကို ၂၀၂၃ ခုနှစ်မှစတင်ကာ ရွေးတုသမ္မတ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် ပြန်လည်အသက်သွင်းခဲ့ခြင်းဖြစ်ပြီး တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၅ သိန်းခန့် ချက်လုပ်နိုင်ရန် လျာထားဆောင်ရွက်နေခြင်း ဖြစ်သည်။

ရွေးတုအစိုးရအနေဖြင့် ယခုကဲ့သို့ ရေနံချက်စက်ရုံများကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်နေခြင်းမှာ တိုင်းရင်း သားဒေသများနှင့် မြို့ပြများအပေါ် ရက်စက်စွာ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်တပ်၏ လေယာဉ်ဆီ လိုအပ်ချက်ကို ပြည်တွင်း၌ပင် ဗျူဟာမြောက် ထုတ်လုပ်နိုင်ရန် တရုတ်ကုမ္ပဏီအချို့၏ အကူအညီဖြင့် အကောင် အထည်ဖော်နေခြင်း ဖြစ်ကြောင်း Justice for Myanmar (JFM) ကဲ့သို့သော တော်လှန်ရေးနှင့် အရပ်ဘက် စောင့်ကြည့်ရေးအဖွဲ့အစည်းများ၏ ထောက်ပြချက်အရ သိရသည်။

 

ရွေးတုအစိုးရ၏ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ကမူ ကမ္ဘာတစ်ဝှမ်း စက်မောင်းဆီ အခက် အခဲများနှင့် ဈေးနှုန်းမြင့်တက်မှုများ ရှိနေသည့်အတွက် ရေနံချက်စက်ရုံများ လျင်မြန်စွာ ပေါ်ထွက်လာစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆိုသည်။

 

စက်သုံးဆီအတွက် ပြည်ပတင်သွင်းမှုအပေါ် ရာနှုန်းပြည့်နီးပါး မှီခိုနေရဆဲဖြစ်သော ကြောင့် ယခုစီမံကိန်းကို လုပ်ဆောင်ခြင်းဖြစ်ပြီး ဒုတိယအဆင့် ပြီးစီးပါက နိုင်ငံတော်လိုအပ်ချက်၏ ဓာတ်ဆီ ၆၀ ရာခိုင်နှုန်းနှင့် ဒီဇယ် ဆီ ၅၀ ရာခိုင်နှုန်းအထိ ပြည်တွင်းတွင် ထုတ်လုပ်ပေးနိုင်ရန် ရည်ရွယ်ထားသည်ဟု ရွေးတုအစိုးရက ဆိုထားသည်။

သို့သော် ပြည်တွင်းသုံးစွဲမှုအများဆုံး စက်သုံးဆီများမှာ RON 91 နှင့် RON 95 ဖြစ်ပြီး လက်ရှိ ပြည်တွင်းထုတ် ရေနံချက်စက်ရုံများမှ ထွက်ရှိမည့် အဆင့်မှာ RON 68 နှင့် RON 79 အဆင့်သာ ရှိနိုင်မည်ဖြစ်သည်။

 

ဗြိတိသျှကိုလိုနီခေတ် ၁၉၂၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သည့် သန်လျင်ရေနံချက်စက်ရုံ၏ ယခုလည် ပတ်မှုသည် ထိန်းချုပ်မောင်းနှင်မှု၊ စောင့်ကြည့်မှုနှင့် ချိန်ညှိမှုများကို Control Room အတွင်းမှ ဆောင်ရွက်နိုင်သည့် ပထမဆုံးအဆင့်ဖြစ်ကြောင်း သိရသည်။

 

NLD အရပ်သားအစိုးရ လက်ထက်ကလည်း ရေနံစိမ်းရရှိနိုင်မှု ကန့်သတ်ချက်များနှင့် ထွက်ရှိလာသည့် ထုတ်ကုန် အရည်အသွေး ညံ့ဖျင်းမှုတို့ကြောင့် စက်ရုံလည်ပတ်မှုကို ရပ်ဆိုင်းခဲ့ရဖူးသည်။

 

လက်ရှိတွင် စက်သုံးဆီစျေးသည် ကုန်ကြမ်းထက် အဆပေါင်းများစွာ မြင့်တက်နေ၍ ရွေးတုအစိုးရအနေဖြင့် ၎င်းတို့၏ စစ်ရေးနှင့် နိုင်ငံရေး ရပ်တည်နိုင်ရေးအတွက် သန်လျင်နှင့် မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ ရေနံဓာတုဗေဒစက်ရုံ (သံပုရာကန်) စသည့် စက်ရုံများကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

 

ဓာတ်ပုံ – ရွေးတုအစိုးရ