ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

 

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်တွင် ထိုင်းစစ်သားများ၏ ရိုက်နှက်နှိပ်စက်သတ် ဖြတ်မှုကြောင့်သေဆုံးခဲ့ရသည့် မြန်မာနိုင်ငံသားအောင်ကိုကို သေဆုံးခဲ့သည့်အမှုအတွက် ၂ နှစ်ကျော်ကြာမြင့်သည်အထိ မည်သည့်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူကိုမျှ တရားစွဲဆိုထားခြင်း မရှိသေးကြောင်း Fortify Rights အဖွဲ့က ပြောဆိုခဲ့သည်။

 

သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားအောင်ကိုကို၏ မိသားစုအတွက် ကုစားမှုများဆောင် ရွက်ပေးနိုင်ရေးအတွက် လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနအောက်ရှိ ညှဉ်းပန်းနှိပ်စက်မှုနှင့် အဓမ္မဖျောက်ဖျက်မှုများ တားဆီးနှိမ်နင်းရေးရုံးမှတာဝန်ရှိသူများသည် ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် မဲဆောက်မြို့သို့ လာရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ပွါးရာနေရာဖြစ်သည့် မဲဆောက်မြို့နယ်၊ ထဆိုင်လုဒ်ကျေးရွာအုပ်စု၊ အမှတ်(၁) ရပ်ကွက်ရှိ ထိုင်း-မြန်မာ နယ်စပ်၊ နယ်စပ်ဂိတ်အနီးသို့ သက် သေခြောက် ဦးနှင့်အတူသွားရောက်ခဲ့ပြီး ဖြစ်စဉ်နေရာများကိုတိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုင်းစစ်တပ်သည် လွန်ခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့က ချော်ရော်ဘော် ခေါ် ရပ်ရွာလုံခြုံရေးကင်းလှည့် အင်ကျီဝတ်ထားသည့်အောင်ကိုကိုအား မည်သည့်အတွက်ကြောင့်အဆိုပါဝတ်စုံကို ဝတ်ထားရခြင်းဖြစ်ကြောင်း ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ရိုက်နှက်နှိပ်စက်ခဲ့ခြင်းဖြစ်သည်။

 

အောင်ကိုကိုသည် ချော်ရော်ဘော်အဖွဲ့ဝင်ဖြစ်ကြောင်း အခြားအဖွဲ့ဝင်များက သက်သေ ခံပြောကြားပေးသော် လည်း နယ်ခြားစောင့်ထိုင်းစစ်သား သုံး ဦးမှ ဆက်လက်ရိုက်နှက်နှိပ်စက်ခဲ့ပြီး ၎င်းတို့ပြန်လွှတ်ပေးချိန်တွင် ရရှိခဲ့သည့်ဒဏ်ရာများမှာ ပြင်းထန်သည့်အတွက် ဆေးကုသမှုမရရှိမီအချိန်မှာပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

 

မဲဆောက်မြို့မရဲစခန်းမှ စုံစမ်းမှုများပြုလုပ်သည်ဆိုသော်လည်း အဓိကပါဝင်ခဲ့သည့် ထိုင်းစစ်သားများကို စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခြင်းမရှိပဲ အောင်ကိုကိုအားရိုက်နှက်ရာတွင် ပါဝင်ခဲ့သည့် စီရာချက်ဆိုသူအရပ်သားကိုသာ အဓိကပြစ်မှုကျူးလွန်သူဟုဆိုကာ ထောင်ဒဏ် ၃ နှစ်နှင့် ၄ လ ချမှတ်ခဲ့ကြောင်း Fortify Rights အဖွဲ့ထံ အစီရင်ခံစာအရ သိရသည်။

 

လက်ရှိတွင် ထပ်မံလာရောက်စစ်ဆေးသည့် စစ်ဆေးရေးအဖွဲ့မှ ၎င်းတို့ရရှိထားသည့်သက်သေအထောက် အထားနှင့် ဖြစ်စဉ်အချက်အလက်များကို နစ်နာကြေးနှင့်ကူညီကုစားရေးဆိုင်ရာကော်မတီသို့ တင်ပြကာ သေဆုံးသူမိသားစုအတွက် ထောက်ပံ့ကုစားမှုများရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

 

ဓာတ်ပုံ – Fortify Rights