ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

 

မြန်မာနိုင်ငံသားများအပေါ် စစ်အုပ်စုလုပ်ဆောင်သော ရာဇဝတ်မှုများတွင် တယ်လီနောက ပါဝင်အားပေးကူညီမှုကြောင့်ကျူးလွန်သောပြစ်ဒဏ်အတွက် တယ်လီနော ASA ကို နော်ဝေရဲတပ်ဖွဲ့က စွဲချက်လိုက်သဖြင့် ယင်းလုပ်ရပ်ကြိုဆိုကြောင်း JFM နှင့် ICJ နော်ဝေအဖွဲ့တို့က ယနေ့ ထုတ်ပြန်သည်။

 

တယ်လီနောသည် ဒဏ်ခတ်ပိတ်ဆို့မှုများကိုချိုးဖောက်မှုအပါအဝင် မြန်မာနိုင်ငံအတွင်း လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများတွင် ကြံရာပါအဖြစ် ပါဝင်မှုကြောင့် တယ်လီနော ASA ကို စက်တင်ဘာ ၁၅ ရက်နေ့တွင် ရဲတပ်ဖွဲ့က စီးနင်းရှာဖွေလိုက်ခြင်းဖြစ်သည်။

 

Justice For Myanmar နှင့် ICJ Norway တို့သည် တယ်လီနောအပေါ် စွဲချက်များနှင့်ပတ်သက်ပြီး နော်ဝေရဲတပ်ဖွဲ့ထံ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်တိုင်ကြားခဲ့သော်လည်း စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ပယ်ခံရပြီးနောက် ၂၀၂၅ ခုနှစ် အောက်တိုဘာလ၌ အထက်အဆင့်တရားစွဲဆိုရေး အာဏာပိုင်အဖွဲ့ထံ ထပ်မံတိုင်ကြားလိုက်၍ ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာတွင် စွဲချက်တင်ခံရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထုတ်ပြန်ချက်အရသိရသည်။

“ ကျွန်တော်တို့ဟာ လေးနက်ပြီး လွတ်လပ်တဲ့ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ရပါတယ်။အခုတော့ ဒီလိုဖြစ်လာဖို့ အလားအလာရှိတဲ့အတွက် ကျွန်တော်တို့ဝမ်းမြောက်မိပါတယ်။ ဒီစွပ်စွဲချက်တွေဟာ မြန်မာနိုင်ငံရဲ့ အလွန်စိုးရိမ်ဖွယ်ကောင်းတဲ့ လူ့အခွင့်အရေးအခြေအနေတွေ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးကာကွယ်ပေးသူတွေအပေါ် ရက်ရက်စက်စက်နှိပ်ကွက်မှုတွေနဲ့ ဆက်စပ်နေနိုင်တဲ့ဖြစ်နိုင်ခြေရှိတဲ့ မတူညီတဲ့ရာဇဝတ်မှုတွေကို ရည်ညွှန်းနေပါတယ်” ဟု ICJ နော်ဝေ၏ ဘုတ်အဖွဲ့ဝင် ဥက္ကဋ္ဌ Terje Einarsen ဆိုသည်။

 

တယ်လီနောသည် လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေသော စစ်အုပ်စုထံ အရေးကြီးပြီးထိရှလွယ်သော အချက်အလက်များကိုမျှဝေပေးခဲ့ပြီး စစ်ရာဇဝတ်မှုများတွင် ကြံရာပါဖြစ် အားပေးကူညီခဲ့သည်။

 

“ တယ်လီနောက တရားမဝင်စစ်အုပ်ဆီထောက်လှမ်းရေး ဆော့ဝဲလ်လွှဲပြောင်းပေးခဲ့တာနဲ့ ထိရှလွယ်တဲ့အချက်အလက်တွေ မျှဝေပေးခဲ့တာတွေကို သက်သေခံဖော်ပြနိုင်မယ့် အထောက်အထားမှတ်တမ်းတွေကို ရဲတပ်ဖွဲ့ထံပေး ပို့ထားပြီးဖြစ်ပါတယ်။ အဲဒီဟာတွေကအနေ ကုမ္ပဏီနဲ့ သူတို့ရဲ့ အကြီးအတန်းအရာရှိတွေရဲ့ ကြံရာပါပတ်သက်မှုကိုပြသနေပါတယ် ” ဟု Justic For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် တယ်လီနော ( မြန်မာ) သည် မြန်မာနိုင်ငံမှထွက်ခွာသွားချိန်တွင် ပိတ်ဆို့အရေးယူခံထားရသော စောင့်ကြည့်ထောက်လှမ်ရေးပစ္စည်းများကို စစ်တပ်နှင့်ရင်းနှီးသောဝယ်ယူ လက်ဘနွန်အခြေစိုက် M1 Group နှင့်ရွှေဗျိုင်းဖြူကုမ္ပဏီထံ လွှဲပြောင်းပေးအပ်ပြီး တယ်လီနော ( မြန်မာ) မှ ATOM Myanmar အဖြစ်အမည်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

 

ဓာတ်ပုံ – JFM, social media