ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
မြန်မာ – အိန္ဒိယနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟား ခရိုင်အတွင်းရှိ မရာလူငယ်အဖွဲ့ (MTP) ၏ စစ်ဆေးရေးဂိတ် တစ်ခုကို ရခိုင်ကုန်သည်များမှ မီးရှို့ဖျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း ဆိုင်ဟားရှိ မြန်မာစစ်ဘေးရှောင်များထံမှ သိရသည်။
ဆိုင်ဟားခရိုင်၊ Khaikhy ကျေးရွာရှိ မရာလူငယ်အဖွဲ့ (MTP) စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ကုန်စည်သယ်ယူရေးနှင့်ပတ်သက်၍ ဆွေးနွေးကြရာမှ အငြင်းပွားပြီး ဂိတ်မီးရှို့ခဲ့သည့်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“MTP ဘက်က ကုန်စည်သယ်ယူမှု အကန့်အသတ်နဲ့သာ သယ်ယူခွင့်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာပါ။ ဆွေးနွေးမှုတွေက အဆင်မပြေတော့ အငြင်းပွားလာပြီး တဖြည်းဖြည်းနဲ့ အခြေအနေ တင်းမာလာတယ်။ MTP ဘက်က အကြမ်းဖက်တဲ့အထိ မဖြစ်ခင် ဂိတ်ကနေ ထွက်သွားကြတယ်”ဟု ဆိုင်ဟားခရိုင်ရှိ မတူပီစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေါသထွက်နေသည့် ရခိုင်ကုန်သည်တချို့သည် MTP တာဝန်ရှိသူများ ဂိတ်မှ အသီးသီးထွက်သွားကြပြီးနောက် မိနစ်ပိုင်းအကြာတွင် အဆိုပါ MTP ၏ စစ်ဆေးရေးဂိတ်ကို ဖျက်ဆီးကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“MTP တာဝန်ရှိသူတွေ ထွက်သွားပြီး ရခိုင်ကုန်သည်တွေက ဆွေးနွေးမှု အဆင်မပြေကြတော့ ဒေါသထွက်နေကြတယ်။ အစကတည်းက သူတို့ ဆွေးနွေးကြတာ အဆင်မပြေဘူး။ နောက်ဆုံးမှာ အခြေအနေက ပိုဆိုးသွားတယ်။ အဲဒါနဲ့ ဒေါသထွက်နေကြတဲ့ ကုန်သည်တချို့က ဂိတ်ကို အရင်ဖျက်ဆီးတယ်။ ဖျက်ဆီးပြီးမှ ဂိတ်ကို မီးရှို့တာပါ”ဟု ဆိုင်ဟားခရိုင်ရှိ မတူပီစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ မီးရှို့မှုကို အရှိန်မပြင်းခင် ဝိုင်းဝန်း တားဆီးနိုင်ခဲ့သော်လည်း ဂိတ်ရှိ လှေကုန်စည် အဝင်အထွက် မှတ် တမ်းများနှင့် ကုန်စည်စာရင်းများ ပျက်စီးသွားပြီး ရူပီး တစ်သောင်းခန် ပျောက်ဆုံးသွားကြောင်း ဒေသတွင်း မီဒီယာတွင် ဖော်ပြထားသည်။
ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ MTP ဗဟိုဌာနချုပ်မှ မြေပြင်ကွင်းဆင် စုံစမ်းပြုလုပ်သွားမည်ဖြစ်ကြောင်း ယမန် နေ့ စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
Khaikhy ကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝမြို့နယ်နှင့် ဆိုင်ဟားခရိုင်တွင် တည်ရှိပြီး မြန်မာဘက် အဓိက ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အကြီးဆုံး ဖြစ်သည်။