ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

 

မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှစတင်၍ မုတ်သုံလေ ဆုတ်ခွာသွားပြီဖြစ်ပြီး အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီတို့တွင် အပူချိန်များ မြင့်မားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒ ညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) ထံမှ သိရသည်။

 

အနောက်တောင်မုတ်သုံလေသည် ယမန်နေ့ စက်တင်ဘာ ၁၅ ရက်က စတင်ဆုတ်ခွာသွားပြီဖြစ်ကာ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာ ရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားသည်။

ထို့ကြောင့် လာမည့် နွေရာသီကာလများတွင် နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

 

“အယ်နီညိုဖြစ်စဉ်တွေကြောင့် အခုနှစ်ဆောင်းနဲ့ လာမည့်နှစ် ၂၀၂၇ ခုနှစ် နွေရာသီမှာ ပိုပြီး သက်ရောက် မှုရှိမယ်လို့ မျှော်လင့်ရပါတယ်” ဟု မိုး/ဇလ ညွှန်ချုပ် ဒေါက်တာကျော်မိုးဦးက ဆိုသည်။

 

မြန်မာနိုင်ငံသည် ပုံမှန်နွေရာသီအချိန်များတွင်ပင် ပျှမ်းမျှအပူချိန် ၃၂ ဒီဂရီဆဲလ်စီးယပ်မှ ၄၃ ဒီဂရီဆဲလ်စီးယပ်အထိ ရှိတတ်ပြီး အလယ်ပိုင်းဒေသများတွင် အပူချိန် ပိုမိုပြင်းထန်လေ့ရှိသည်။

“ရန်ကုန်မှာ မိုးမရွာတာနဲ့ ပူတာပဲ။ နေ့တိုင်းမိုးရွာနေပေမယ့် မနက်ပိုင်းမိုးရွာပြီးတော့ နေ့လယ်မိုးတိတ် နေတယ်ဆိုရင် ပူပြီပဲ။ အယ်နီညိုရှိတယ်ဆိုတော့ လာမယ့်နွေ မတွေးရဲဘူး။ အတော်ပူမှာပဲ။ အပူဒဏ် ခံနိုင်ဖို့ အဲယားကွန်းတွေ သန့်ရှင်းရေးလုပ်ထားမှရမယ်” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

 

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားကောင်းရာမှ အားအလွန်ကောင်းသော အယ်လ်နီညိုအခြေ အနေတွင် တည်ရှိနေပြီး ကမ္ဘာတစ်ဝှမ်း၌ အစွန်းရောက် ရာသီဥတုပုံစံများကို ပိုမိုဆိုးရွာစေနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ထုတ်ပြန်ထားသည်။

 

လက်ရှိ ခန့်မှန်းချက်များအရ လာမည့် အယ်လ်နီညိုသည် အလွန်အားကောင်းလာနိုင်ပြီး “စူပါအယ်လ်နီ ညို” ဖြစ်လာနိုင်ကြောင်း အချို့သော ကျွမ်းကျင်သူများက ဆိုထားပြီး ယင်းသက်ရောက်မှု ကြောင့် သီးနှံများ ပျက်စီးခြင်းနှင့် မွေးမြူရေးခြံများ ဆုံးရှုံးခြင်းအထိ သက်ရောက်မှု အမျိုးမျိုး ရှိလာနိုင်ကြောင်း သိရသည်။

 

ဓာတ်ပုံ – မိုး/ဇလ၊ WMO