
ရေးမြို့နယ်တွင် YGF အဖွဲ့မှ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်ဖောက်ခွဲတိုက်ခိုက်
ဧရာဝတီတိုင်းမ်
(ရေး)၊ စက်တင်ဘာ ၁၈ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်း စံပြကျေးရွာ စာသင်ကျောင်းနားရှိ မိုင်တဲတာဝါတိုင်အား စက်တင်ဘာ ၁၄ ရက်နေ့တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်သည့် အနေဖြင့် Ye Guerrilla Force အဖွဲ့မှ ဖောက်ခွဲခဲ့သည်ဟု သိရသည်။
YGF အဖွဲ့သည် စစ်ကောင်စီတပ်ရင်း ၄ ခုကြားရှိ မိုင်တဲတာဝါတိုင်အား ဖောက်ခွဲခဲ့ရာ စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“တပ်ရင်း ၄ ခုရှိတဲ့ကြားမှာဖောက်ခွဲတာပါ၊ အဓိကကတော့ သူတို့ဘက်ကအင်အားဘယ်လောက်ရှိတယ်ဆိုတာနဲ့ သူတို့ထွက်လာပြီး ပြန်ပစ်ရဲလား မရဲဘူးလားဆိုတာကိုသိချင်တာပါ၊ ကျွန်တော်တို့အဖွဲ့ပြန်ပြီး နည်းနည်းကြာမှ ထွက်လာပြီးလမ်းဘက်ကို လက်နက်ကြီးနဲ့လှမ်းပစ်တာ၊ ရမ်းသမ်းပစ်တဲ့သဘောပေါ့” ဟု YGF အဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။
YGF အဖွဲ့နှင့်ပူးပေါင်းတပ်ဖွဲ့များသည် စက်တင်ဘာ ၁၄ ရက်နေ့တွင်ပင် ရေးမြို့နယ်အတွင်း အာရှလမ်းမကြီးပေါ်၌ နယ်မြေရှင်းလင်းရေးနှင့် ဒေသတွင်းစိုးမိုးနိုင်ရေးအတွက် ခရီးသွားယာဉ်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။