
ဧရာဝတီတိုင်းတွင် ၂ ပတ်အတွင်း ကိုဗစ်လူနာ ၁၀၀ ကျော်တွေ့ရှိ
ဧရာဝတီတိုင်းမ်
စက်တင်ဘာခ ၁၈ ရက်
စစ်အာဏာသိမ်းပြီး ၁ နှစ်ခွဲကျော်အကြာမှာ ပြန်လည်အဖြစ်များလာတဲ့ ကိုဗစ်ရောဂါကြောင့် ဧရာဝတီတိုင်းမှာ စက်တင်ဘာလ ၂ ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁ဝ၇ ထိတွေ့ရှိထားတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့ထိ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ဧရာဝတီတိုင်းမှာ ၁၀၇ ဦးထိ အတည်ပြုလူနာ တွေ့ရှိထားတာဖြစ်ပါတယ်။
” ခုက ရောဂါကာကွယ်ဆေးထိုးပြီးထားတဲ့သူတွေလည်း ပြန်ကူးတော့ သတိတော်တော်ထားရမယ် အသက်ကြီးတဲ့ သူတွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေ ရောဂါအခံရှိသူတွေကို ဂရုစိုက်စေချင်တယ်”လို့ CDM ဆရာဝန်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တကျော့ပြန်ကိုဗစ်ဖြစ်ပွားချိန်မှာ စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်တွေလုပ်တာကြောင့် အစုလိုက် အပြုံလိုက် ရောဂါကူးစက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ရောဂါပိုးတွေ့ရှိမှု အတည်ပြုလူနာ ၁၀၇ ဦးထဲမှာ အများဆုံးမြို့နယ်တွေကတော့ ဟင်္သါတ၊ မအူပင်နဲ့ ပုသိမ်မြို့နယ်တွေမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။