ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်

မန္တလေးတိုင်းအတွင်းရှိ အာဏာသိမ်းစစ်တပ်၏ တံတားဦး လေတပ်စခန်းကို “အထူးစစ်ဆင်ရေး” အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးစွမ်းရည်နှင့် ရဲရင့်မှုကို အထူးမှတ်တမ်းတင် ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က ယမန်နေ့ စက်တင်ဘာ ၁၄ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင်စစ်ဌာန၏ ဦး ဆောင်မှုဖြင့် ခရိုင်တပ်ရင်းများ၊ ဒရုန်းတပ်ဖွဲ့များ (MDDS)၊ မြို့နယ် ပကဖများ၊ STF နှင့် ရွှေဘိုခရိုင် ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်၏ YAK-130 တိုက်လေယာဉ်များ ရပ်နားထားသည့် နေရာများကို တိကျစွာ ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့သည့်အပြင် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ-၇ မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် တပ်ဖွဲ့ဝင် ငါး ဦးသေဆုံးခဲ့သည်။

စစ်ဆင်ရေးအတွင်း အသက်ပေးလှူသွားခဲ့သည့် တော် လှန်ရေးရဲဘော် ၃ ဦး၏ စွန့်လွှတ်စွန့်စားမှုကို လေး နက်စွာ ဦးညွတ်အလေးပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းရကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

NUG ၏ အသိအမှတ်ပြုမှုအတွက် ဂုဏ်ယူမိကြောင်းနှင့် ယုံကြည်ချက်၊ စိတ်ဓာတ်၊ တာဝန်သိစိတ်တို့ဖြင့် စစ်ဘက်ဗဟိုချက်များကို ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု မန္တလေး PDF က သစ္စာပြုထားသည်။

တစ်ဖက်တွင် စစ်တပ်က FPV ဒရုန်း ခြောက်စင်းဖြင့် တိုက် ခိုက်ခံရပြီး ထိခိုက်မှုမရှိဟု ထုတ်ပြန်ထားသော်လည်း စစ်ဆင်ရေးအပြီး ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းများတွင် ရပ်နားထားသော တိုက်လေယာဉ်များအနီး ဒရုန်းများ ကျရောက် ပေါက်ကွဲခဲ့သည်ကို တွေ့ရသည်။