ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
စစ်မှုထမ်းရန်အတွက် အသက် ၂၀ ကျော်ရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ခဲ့သည့် ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ အပါအဝင် အပေါင်းအပါ ခုနှစ် ဦးကို သက်ဆိုင်ရာက ဖမ်းဆီးကာ ပုဒ်မ လေးခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သည် ညဘက် ၁၀ နာရီကျော်ပါက လူငယ်များကို လိုက်လံဖမ်းဆီး၍ စစ်မှုထမ်းရန် ငွေကြေးဖြင့် ရောင်းစားလေ့ရှိကြောင်း မြို့ခံများက ပြောသည်။
အမှတ် (၁) ရပ်ကွက်ရုံးအတွင်း လူငယ်တစ်ဦးကို သံတုတ်များဖြင့် ရိုက်နှက်ရာမှ သေဆုံးသွားခဲ့သဖြင့် ညပိုင်းတွင် ကားနောက်ဖုံးအတွင်း ထည့်ဆောင်ကာ FMI နှင့် ရှမ်းကျောင်းရွာအနီး ဆိပ်ကမ်းသာပတ်လမ်းရှိ ခြုံတောအတွင်းသို့ သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ မိသားစု၏ တိုင်ကြားချက်အရ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် အပေါင်းအပါ ခုနှစ်ဦးကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်းက ဖမ်းဆီးအမှုဖွင့်ခံရခြင်းဖြစ်သည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၅ (မတရားဖမ်းဆီးနှိပ်စက်မှု)၊ ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၂၀၁ (အလောင်းဖျောက်မှု) နှင့် ပုဒ်မ ၁၁၄ (အားပေးကူညီမှု) တို့ဖြင့် အမှုနံပါတ် (ပ) ၁၀၇၉/၂၀၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
စစ်မှုထမ်း အပတ်စဉ်များအတွက် လှိုင်သာယာမြို့နယ်များအတွင်း လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် ရောင်းစားခြင်းများ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်ကလည်း အမှတ် (၆) ရပ်ကွက်၌ အမျိုးသားတစ်ဦး လေး ရက်ကြာ မတရားဖမ်းဆီး ခံခဲ့ရသည့်အတွက် အုပ်ချုပ်ရေးမှူးနှင့်အပေါင်းအပါများ ဖမ်းဆီးခံထားရသည်။