ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့တွင် ကာလတန်ဖိုး ငွေကျပ် ၃,၁၀၃ ဒသမ ၆ သိန်း တန်ဖိုးရှိ ဆေးခြောက်များနှင့် ဆေးခြောက်အရည်များကို ဖမ်းဆီး ရမိခဲ့ကြောင်း ရွေးတုအစိုးရ လက်အောက်ခံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (CCDAC Myanmar) ထံမှ သိရသည်။
မူးယစ်တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ညောင်တုန်းလမ်းတွင် SUZUKI EVERY အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကျော်မိုးဟန်နှင့် အတူလိုက်ပါလာသူ အသက် ၃၇ နှစ်အရွယ် ကျော်ဇင်ထွန်းတို့ကို တွေ့ရှိရပြီး ယာဉ်အတွင်းမှ ကာလတန်ဖိုး ငွေကျပ် သိန်း ၈၀ တန်ဖိုးရှိ ဆေးခြောက် ၄ ကီလိုဂရမ်နှင့် လက်ကိုင်ဖုန်း သုံး လုံးကို သိမ်းဆည်းရမိခဲ့သည်။
ဆက်လက် စစ်ဆေးဖော်ထုတ်ချက်များအရ ထိုနေ့ မွန်းလွဲ ၄ နာရီခန့်တွင် ၎င်းတို့ နေထိုင်ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၉၄) ရပ်ကွက်ရှိ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ ကာလတန်ဖိုး ငွေကျပ် သိန်း ၃,၀၂၀ တန်ဖိုးရှိ ဆေးခြောက် ၁၅၁ ကီလိုဂရမ်နှင့် ငွေကျပ် ၃ ဒသမ ၆ သိန်း တန်ဖိုးရှိ ဆေးခြောက်အရည် ၄ လီတာတို့ကို ထပ်မံ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိသူ ကျော်မိုးဟန်နှင့် ကျော်ဇင်ထွန်းတို့ကို သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ပါဝင်ပတ်သက်သူ ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။