ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မိဘဈေးဗလီအတွင်းရှိ ဆောက်လုပ်နေဆဲ အဆောက်အဦနှင့် ခွင့်ပြုချက်မရှိဘဲ ယာယီဝတ်ပြုဆောင်ရွက်ရှိသဖြင့် ဝတ်ပြုကျောင်းဆောင် အာစီလေးထပ် အဆောက်အဦချိပ်ပိတ်ခံရပြီး ယင်းဧရိယာပတ်ဝန်းကျင်အတွင်း မည်သူမျှသွားလာခွင့်မရှိစေရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။

 

မိဘဈေးဗလီ ဦးပိုင်အမှတ်- ၈၉၊ ကွင်းအမှတ် ၂၃၊ ဧရိယာ ၀ ဒသမ ၀၅၂ ဧကအတွင်းရှိ ဆောက်လုပ်နေဆဲ အဆောက်အဦ၊ ဦးပိုင်အမှတ် ၅၁/ ၅ မြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲယာယီဝတ်ပြု ဆောင်ရွက်သဖြင့် တရားဝင်ချိပ်ပိတ်ကြောင်း စက်တင်ဘာ ၁၃ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပုဒ်မ ၁၄၄ တွင် လူစုလူဝေးမပြုရခြင်းပါဝင်ပြီး ပြစ်မှုကျူးလွန်ပါက ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေချမှတ်ခံရပြီး ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ကြောင်း ပါဝင်သည်။

 

ဦးပိုင်အမှတ် ၅၁/ ၅ မြေပေါ်တွင်ရှိ အာစီလေူထပ် အဆောက်အဦ ချိပ်ပိတ်မှုနှင့် ပတ်သက်ပြီး မိဘဈေးဗလီမျက်နှာလေးဘက်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကိုအသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမှုခြင်း တို့မလုပ်ရန်တားမြစ်လိုက်ကြောင်းပါဝင်သည်။

 

ယင်း အာစီလေးထပ်အဆောက်အဦဝန်းကျင်တွင် အမိန့်တစ်စုံတစ်ရာမရှိဘဲ ပြုပြင်တည်ဆောက်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းနှင့် ဝင်/ ထွက်သွားလာခြင်းမပြုရန် လည်း တားမြစ်ထားသည်။

ယခုနှစ်ရက်အတွင်း မျိုးချစ်မြန်မာရဟန်းတော်များအဖွဲ့သမဂ္ဂထဲမှ ဘုန်းကြီးများက မိဘဈေးဗလီအတွင်းရှိ အဆောက်အဦးတည်ဆောက်မှုနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးမှူများကိုမေးမြန်းသည့် ဗီဒီယိုဖိုင်ကို tiktok လူမှုကွန်ရက်စာမျက်နှာ၌တင်ခြင်းမှ ယခုကဲ့သို့ပိတ်ခံရခြင်းဖြစ်သည်။

 

“ဗလီမဟုတ်လို့ဖျက်တာမဟုတ်ဘူး။ ဘာသာရေးအဆောက်အဦမလို့ ဖျက်တာမဟုတ်ဘူး။ ဥပဒေနှင့်မညီလို့ ဆောက်လုပ်ခွင့်လိုင်စင်မရှိဘဲ ဆောက်ထားတာတွေ လူနေထိုင်ခွင့်မရဘဲနေနေတာတွေ ရန်ကုန်မှာရော မန္တလေးမှာရောအစရှိတာတွဖျက်နေတယ်။ ဒကာကြီးတို့သိပါတယ်။ ဌာနဆိုင်ရာတွေပဲ။ ဦးဇင်းတို့က ဒါကို( မိဘဈေးဗလီ) သတင်းကြားလို့လာကြည့်တယ်” ဟု ဘုန်းကြီးတစ်ပါးက tiktok ဗီဒီယိုဖိုင်တစ်ခုတွင်ပြောကြားထားသည်။

 

အဆိုပါမိဘဈေးဗလီ၏ အရှေ့ဘက် ပြင်ဦးလွင်သွားကားလမ်းနှင့် ပုသိမ်းကြီးမြို့နယ်၊ တောင်ဘက် ချမ်းအေးသာစံမြို့နယ်၊ အနောက်ဘက် ဧရာဝတီမြစ်၊ စစ်ကိုင်းမြို့နှင့် ပုသိမ်းကြီးမြို့နယ်၊ မြောက်ဘက် ပုသိမ်ကြီးမြို့နယ်နားတို့တွင် အမိန့်တစ်စုံတရာမရှိဘဲ မည်သည့်ကိုမှပြုလုပ်ခြင်းမပြုရန်တားမြစ်ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်