ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ စက်တင်ဘာ ၁၅ ရက်

 

ကရင်နီဒေသတွင် ရွေးတုအစိုးရလက်အောက်ခံစစ်အုပ်စုက ပြီးခဲ့သည့်ဩဂုတ်နှင့် စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ပုံစံအမျိုးမျိုးအဖြင့် စစ်ဆင်ရေးတခုအနေဖြင့်ဖော်ဆောင်ကာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ယနေ့စက်တင်ဘာ ၁၅ ရက်နံနက်ပိုင်းတွင်လည်း စစ်တပ်သည် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာသို့ တိုက်လေယာဉ် နှစ် စီးဖြင့်လာရောက် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်နေ့ကပြုလုပ်ခဲ့သည့် နန်းမယ်ခုံဒေသသို့ လေကြောင်းတိုက်ခိုက်မှုတွင်လည်း အမျိုးသားတစ်ဦးသေဆုံးကာ နေအိမ် နှစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီတလော ဒရုန်း‌ဗုံးနဲ့ကြဲတာတွေ ဆူဆိုက်ဒရုန်းနဲ့ကြဲတာတွေ လေယာဉ်နဲ့ကြဲတာတွေတော်တော်လေးစိတ်လာတယ်ပေါ့နော်။ ကျွန်တော်တို့အချို့အချက်အလက်အရပြန်ကြည့်ရင်တော့ ဒီလပိုင်းမှာ စစ်တပ်ကအထူးသဖြင့် လေယာဉ်နဲ့ဗုံးကြဲမှုတွေပိုလုပ်လာမယ်ဆိုတဲ့ အချက်လက်တခုတော့သိထားတာရှိတယ်။ အဓိကကတော့ ရက်ပေါင်း ၆၀ ရက်ပေါင်း ၉၀ အတွင်း စစ်ဆင်ရေးတခုလုပ်ဖို့အတွက်ဆိုပြီး အသံတော့ကြားထားတာရှိတယ်” ဟု ကရင်နီပြည်ကြားကလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင်‌ရွေးတုအစိုးရက မြေပြင်စစ်ကြောင်းထိုးမှုများလည်းပြုလုပ်နေပြီး မြေပြင်ထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားနေကာ ယခုကဲ့သို့ ဒေသခံများကိုပစ်မှတ်ထကာလေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းဗုံးများဖြင့် တိုက်ခိုက်နေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့ကလည်း လွိုင်ကော်အရှေ့ခြမ်းရှိ နောင်ပုလုကျေးရွာကို ပေါင် ၂၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လေယာဉ်ပေါ်မှစက်သေနတ်ဖြင့် ပစ်ခတ်မှုများပါပြုလုပ်ခဲ့သည့်အတွက် ကလေးငယ် နှစ် ဦးအပါအဝင် ဒေသခံ လေး ဦးသေဆုံးခဲ့သည်။

 

ထို့ပြင် မော်ချီးဒေသကိုလည်း ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့တွင် ရွေးတိုအစိုးရစစ်တပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ဒေသခံ ခြောက် ဦးသေဆုံးခဲ့ပြီး ကိုး ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 

ရွေးတုအစိုးရလက်အောက်ခံစစ်တပ်သည် ပြီးခဲ့သည့်ဩဂုတ်လအတွင်းကလည်း ‌ကရင်နီပြည်နယ်အတွင်းအရပ်သားများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်းတို့ပြုလုပ်ခဲ့ရာ အရပ်သား ကိုး ဦးသေဆုံးခဲ့ပြီး ၄၃ ဦးအထိ ထိခိုကဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG) ထံက သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်