ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် အသက် (၁၁) နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူ သတ်ဖြတ် ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သံသယရှိသူ အမျိုးသားတစ်ဦးကို ရွေးတုအစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
မအူပင်မြို့နယ်၊ ပန်းတောကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ လုယက်လူသတ်မှု ဖြစ်စဉ်တွင် သံသယ ရှိသူ အသက် ၅၀ ကျော်အရွယ် စန်းနိုင်ဆိုသူကို စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
“ကျူးလွန်သူလို့ ယူဆရတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားကို ဖမ်း ဆီးစစ်ဆေးနေပါတယ်” ဟု ရဲသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မဆောင်းနှင်းဖြူသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက် ညနေ ၃ နာရီခန့်တွင် တစ်ရွာတည်းနေ ကျူရှင်ဆရာမအိမ်သို့ သွားရောက်ခဲ့ပြီး ကျူရှင်ဆင်းချိန် ညနေ ၅ နာရီတွင် အိမ်သို့ ပြန်လည် ရောက်ရှိခြင်း မရှိသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ကြသည်။
ထိုသို့ရှာဖွေရာတွင် ယင်းနေ့ ည ၈ နာရီခန့်တွင် ပန်းတောကျေးရွာရှိ လမ်းဘေးဝါးရုံအောက်၌ လည်ပင်းတွင် အဝတ်စည်းလျက် သေဆုံးနေသည့် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး မဆောင်း နှင်းဖြူ ဝတ်ဆင်ထားသည့် နားကပ်တစ်ရန် ပျောက်ဆုံးနေသဖြင့် နားကပ်ကို လုယက်ယူဆောင်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်။
လက်ရှိတွင်စန်းနိုင်ဆိုသူကို မအူပင်မြို့နယ်၊ တာတပေါနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်လှစ်ကာ အသေးစိတ် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပုံစာ-သံသယရှိသူ အသက် ၅၀ ကျော်အရွယ် စန်းနိုင်။