ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
ဂျပန်နိုင်ငံက မဟာဗျူဟာမြောက် တိုက်ခိုက်ရေးလက်နက်တွေကို ရှေ့တန်းမှာ တပ်ဖြန့်လာတာ နဲ့ အမေရိကန်၊ ဩစတြေးလျတို့နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်နေတာတွေဟာ ဒေသတွင်း ထိပ်တိုက်တွေ့ဆုံမှု အန္တရာယ်ကို မြှင့်တင်နေတယ်လို့ တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ဂျပန် ကြေညာထားတဲ့ “Orient Shield 26” ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၈ ရက်မှ ၂၄ ရက်အထိ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးနဲ့ ကာဂိုရှီးမားဒေသတွေမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး တရုတ် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ကျင် ဘင်းက တရုတ်နိုင်ငံအနေနဲ့ ကန့်ကွက်ကြောင်း စက်တင်ဘာ ၁၅ ရက်မှာ ပြောဆိုခဲ့ပါတယ်။
ဂျပန်ဟာ မဟာဗျူဟာမြောက် တိုက်ခိုက်ရေး လက်နက်တွေကို ရှေ့တန်းအထိ တပ်ဖြန့်နေပြီး ဒါ ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို စိန်ခေါ်နေတယ်လို့ ၎င်းက ထောက်ပြပါတယ်။
ဂျပန်ဟာ စစ်ပွဲဆန့်ကျင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကာကွယ်ရေးမူဝါဒတွေကို ချိုးဖောက်ပြီး တာဝေးပစ် လက်နက်တွေ တိုးမြှင့်ထုတ်လုပ်နေတယ်လို့ သူက စွပ်စွဲပါတယ်။
ပြည်ပနိုင်ငံတွေနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်တာတွေကတစ်ဆင့် ဂျပန်ရဲ့ စစ်အင်အား ပြန်လည်ထူ ထောင်ရေးလုပ်ငန်းတွေကို မြန်ဆန်အောင် လုပ်ဆောင်နေတာလို့ ၎င်းက ဆိုပါတယ်။
“ဂျပန်ရဲ့ စစ်ရေးရည်မှန်းချက်တွေကို အားပေးအားမြှောက်ပြုတဲ့ ဘယ်လိုလုပ်ရပ်မဆို ဒေသတွင်း ကို အန္တရာယ်ထဲ တွန်းပို့ရာ ရောက်သလို နောက်ဆုံးမှာ မိမိကိုယ်တိုင်ပဲ ထိခိုက်နစ်နာရလိမ့်မယ်” လို့ ကျင် ဘင်းက သတိပေးခဲ့ပါတယ်။
အမေရိကန်၊ ဂျပန်နဲ့ ဩစတြေးလျနိုင်ငံတွေအနေနဲ့ အခြားနိုင်ငံတွေရဲ့ လုံခြုံရေး စိုးရိမ်မှုတွေကို လေးစားဖို့နဲ့ အမှားတွေကို ပြင်ဆင်ဖို့ တရုတ်က တောင်းဆိုထားပါတယ်။
ဒေသတွင်း ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေနဲ့ ကူညီပေးဖို့ကိုလည်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ပါတယ်။
အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ပိုမို အ ရှိန်ရလာတာကြောင့် တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်နေပါတယ်။
ကိုးကား – Anadolu News
Ref; China warns Japan’s forward deployment of strategic offensive weapons risks confrontation