‎ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်

‎ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသသို့ အင်အားထောင်ချီ ပေးပို့ထားသည့် ရွေးတုအစိုးရစစ်တပ်သည် စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများအတွင်း အင်အားထက်ဝက်ကျော် ပြုန်းတီးသွားခဲ့သဖြင့် တပ်အချို့ပြန်လည်ဆုတ်ခွာ‌ခဲ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

‎ရေကြည်၊ သာပေါင်း နှင့် လေးမျက်နှာမြို့နယ် အပါအဝင် ပုသိမ် (ငဝန်) မြစ် အနောက်ဘက်ကမ်းတွင် စစ်ရေးတင်းမာနေဆဲဖြစ်‌သော်လည်း သာပေါင်းမြို့နယ် ငဝန်မြစ်အနောက်ဘက်ကမ်းတွင် ရောက်ရှိနေသည့် စစ်ကြောင်းများသည် စစ်ယာဉ် ခြောက် စီးဖြင့် စက်ဒေါင့်ကြီးဆိပ်ကမ်းမှ ယခု စက်တင်ဘာ ဒုတိယပတ်တွင် ထွက်ခွာသွားခဲ့ကာ အဆိုပါနယ်မြေတွင် အင်အားများစွာ ပြုန်းတီးပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။

‎”ဩဂုတ်လကုန်ကာနီးက အင်အား တစ်ထောင်ကျော် ဧရာဝတီထဲ အရောင်ပြဝင်လာပြီး ရခိုင်ဘက်ပြန်ထွက်သွားရပါတယ်။ အင်အားတချို့လည်း ကားတွေနဲ့ အစုလိုက် ပြန်ဆုတ်ခွါတာတွေ့ရတယ်။ အထိနာသူတွေ ဒဏ်ရာပြင်းသူတွေ အဓိကပါနေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ရခိုင်တောင်ပိုင်း ကမ်းတက်စစ်ဆင်ရေးနှင့် အလုံးစုံ ပိတ်ဆို့ရေးဟုဆိုကာ စစ်တပ်က ဇူလိုင် နောက်ဆုံးပတ်နှင့် ဩဂုတ်ပထမပတ်အတွင်း ဧရာဝတီ- ရခိုင်အစပ်ကို အင်အား ၆၀၀ မှ ၈၀၀ အတွင်းပို့ခဲ့သည်။

‎ထို့အပြင် ဩဂုတ်နောက်ဆုံးပတ်တွင်လည်း အင်အား ၁၅၀၀ ခန့်ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ရေကြည်၊ သာပေါင်းအစပ်ကို ခွဲဝေပို့ဆောင်ကြောင်း သိရသည်။

‎ကမ္ဘားကြီးကျေးရွာတွင် စစ်တပ်မှ နည်းဗျူဟာတစ်ခု အခြေစိုက်ထားဆဲဖြစ်ပြီး ဒေသခံများ၏ နေအိမ်များကို ထင်းအဖြစ် မီးရှို့အသုံးပြုနေသည့်အပြင် သစ်များကိုလည်း ဗန်ကာနှင့် ခံတပ်ကတုတ်များ ဆောက်လုပ်ရန် သိမ်းဆည်းလျက်ရှိသည်။

စက်ဒေါင့်ကြီးဆိပ်ကမ်းတွင်လည်း လယ်သမားများ စိုက်ပျိုးရေးအတွက် ဝယ်ယူလာသည့် စက်သုံးဆီများကို ရွေးတုအစိုးရစစ်တပ်က ဖမ်းဆီးသိမ်းဆည်းခြင်းနှင့် ငွေကြေးတောင်းခံခြင်းများကို နေ့စဉ် ပြုလုပ်နေသည်။

‎တစ်ချိန်တည်းမှာပင် ငေါတောင်တွင် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များ တပ်စွဲထားသည်ဟု စွပ်စွဲကာ စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် သာသနိက အဆောက်အဦးများနှင့် သိုက်နန်းဆောင် အားလုံးနီးပါး ပျက်စီးခဲ့ရကြောင်း သိရသည်။