‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၁၅ရက်

‎ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ဘောမိချောင်းဒေသ သဲဖြူဘက်တွင် ရွေးတုအစိုးရ စစ်တပ်နှင့် ဒေသခံတော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲငယ်များ ကြိုကြားကြိုကြား ဖြစ်ပွားလျက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎အဆိုပါ ဒေသအတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသည့်အတွက် စစ်တပ် တပ်ဖွဲ့ဝင်များ ချောင်ပိတ်မိ၊ ချောင်းပစ်ခံနေရပြီး စစ်မှုထမ်းတပ်သားသစ်များ (ပစ) မှာ ထမင်းငတ်မွတ်သည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

‎”လူနာတွေကို စစ်သုံးဖောကားတွေနဲ့ ဆက်တိုက်ပြန်ပို့နေတာ။ လမ်းတင် အသက်ထွက်သွားသူတွေ လည်းရှိတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်တပ် တပ်ဖွဲ့ဝင် ငါး ဦးမှ ခြောက် ဦးခန့်ကို လမ်းခရီးမှတစ်ဆင့် သယ်ဆောင်လာခဲ့ရာ တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

‎ယမန်‌နေ့ စက်တင်ဘာ ၁၄ ရက်နေ့တွင်လည်း ဒဏ်ရာရရှိသူများကို စစ်တပ်၏ ခေါင်းတိုကားဖြင့် ပုသိမ်မြို့သို့ ဆက်လက်သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း စစ်တပ်ဘက်မှ လက်နက်ကြီးကျည်များနှင့် ကျည်ဆံပုံးများကို အရပ်ဘက် ဆယ်ဘီးကားဖြင့် ဖြည့်တင်းပို့ဆောင်ခဲ့ပြီး ညဦးပိုင်း ကားပြန်အဆင်းတွင်လည်း ထိခိုက်ဒဏ်ရာရသူ များကို တင်ဆောင်သွားကြောင်း သိရသည်။

‎ယခုရက်ပိုင်းအတွင်း စစ်တပ်က ထိခိုက်ဒဏ်ရာရသူများကို အသုတ်လိုက် အလုံးအရင်းနှင့် စက်ဒေါင့်ကြီးဘက်ပြန်လည်ခေါ်ဆောင်မှုများ ပြုလုပ်လျက်ရှိသည်။ အာရက္ခတပ်တော် (AA) ကို ရင်ဆိုင်မည့် ရန်နိုင်အောင် စစ်ဆင်ရေးမှာလည်း အကောင်အထည်ဖော်သည်နှင့် အတုံးအရုံးသေဆုံး နေကြောင်း သိရသည်။

‎ထိခိုက်၊ သေဆုံးမှုများပြီး ထမင်းငတ်သည့်ဒဏ်ကြောင့် စစ်မှုထမ်းတပ်သားသစ်များ အစုလိုက် ထွက်ပြေးနေကြရာ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က ဘုရားကြီးမှ ထွက်ပြေးသည့် တပ်သားသစ် သုံး ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီးမိပြီး ကမ္ဘားကြီး စခန်းသို့ခေါ်ဆောင်၍ နှိပ်စက် သတ်ဖြတ် ခဲ့သည်။

ပုံစာ-စစ်တပ်ယာဉ်တန်းကိုတွေ့ရစဉ်(ပုံဟောင်း)