‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၁၅ရက်

‎ရွေးတုအစိုးရစစ်တပ်က လူငယ်များကို အဓမ္မစစ်မှုထမ်းခိုင်းနေသည့် လုပ်ရပ်နှင့် ပတ်သက်၍ ဒါရိုက်တာ ပန်းချီစိုးမိုးက စစ်မှုထမ်းခြင်းသည် ဂုဏ်ယူစရာကောင်းကြောင်း ပြောဆိုခဲ့မှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်လျက်ရှိသည်။

‎ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ မြဝတီစင်တာတွင် ပြုလုပ်ခဲ့သည့် စစ်တပ်၏ စစ်မှုထမ်း ဝါဒဖြန့်ချိရေး ဇာတ်ကား ပရက်ရှိုးပွဲ၌ ဒါရိုက်တာ ပန်းချီစိုးမိုးက စစ်မှုထမ်းခြင်းကို ကြောက်စရာဟု လှုံ့ဆော်နေကြခြင်းဖြစ်ကြောင်းနှင့် နိုင်ငံအတွက် စစ်မှုထမ်းခြင်းမှာ ဂုဏ်ယူစရာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


‎”စစ်မှုထမ်းကကြောက်စရာမဟုတ်ဘူး။ စစ်မှုထမ်းတာကြောက်စရာလို့ လှုံ့ဆော်နေကြလို့သာ ကြောက်နေကြတာ။ တကယ်က ဂုဏ်ယူစရာတောင်ကောင်းတယ်” ဟု ဒါရိုက်တာပန်းချီစိုးမိုးကပြောဆိုခဲ့သည်။

‎သို့သော်လည်း ပန်းချီစိုးမိုးသည် မိမိ၏ မြေးဖြစ်သူ ဟိန်းကျော်စိုးမိုး အပါအဝင် ပြည်ပနိုင်ငံများသို့ စေလွှတ်၍ ပညာသင်ကြားစေလျက် ရှိသည်။ ပန်းချီစိုးမိုးသည် စစ်အုပ်စုထံမှ ၂၀၂၄ ခုနှစ်တွင် တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု ရရှိထားသူတစ်ဦးလည်း ဖြစ်သည်။

ထိုသို့ သူတစ်ပါး၏ သားသမီးများကို စစ်မှုထမ်းရန် တိုက်တွန်းနေစဉ် မိမိ၏ မြေးများကိုမူ ပြည်ပတွင် ပညာသင်ကြားစေသည့် လုပ်ရပ်အပေါ် ပြည်သူများက ဝေဖန်ခဲ့ကြသည်။ စစ်မှုထမ်းခြင်းမှာ အမှန်တကယ် ဂုဏ်ယူစရာကောင်းပါက ပြည်ပရောက် မိမိ၏မြေးများကို ပြန်ခေါ်၍ အရင်ဆုံး စစ်မှုထမ်းခိုင်းသင့်ကြောင်း ရေးသားဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

‎”ရုပ်ရှင်ဆိုတာ ပြည်သူဆီကို အကျယ်ပြန့်ဆုံး အမြန်ဆုံးရောက်တဲ့ အနုပညာပစ္စည်းဗျ။ ဒီလို ရုပ်ရှင်လောကသားတွေက စစ်တပ်အတွက် ကူညီ ဝါဒဖြန့်လာတာက ကြောက်စရာကောင်းတယ်။ မျှော့သွေးစမ်းသလို နည်းနည်းခြင်းတိုးလုပ်သွားမှာ။ ပြည်သူက လက်ခံရင် လက်ခံသလောက် အရာရောက်သွားမယ်” ဟု ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ကြယ်စင်မော်ကွန်းရုပ်ရှင်ဖြင့် စစ်တပ်ကို တစ်ဖက်တစ်လမ်းက အားပေးအားမြှောက်ပြုလုပ်နေသည့် ဒါရိုက်တာ ပန်းချီစိုးမိုးက လူငယ်များကို ဖမ်းဆီး ရှေ့တန်းပို့နေသည့် စစ်မှုထမ်းမှုကို ကောင်းမွန်ပြီး ဂုဏ်ယူစရာဖြစ်ကြောင်း ဝါဒဖြန့်လာခြင်းဖြစ်သည်။

‎စစ်တပ်အနေဖြင့် စစ်မှုထမ်း အပတ်စဉ် ၂၈ထိဖွင့်လှစ်လာပြီး အပတ်စဉ်တစ်ခုလျှင် စစ်မှုထမ်းတပ်သားသစ် ၅၀၀၀ ခန့်ခေါ်ယူထားသည်။ စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ စစ်တပ်အရာရှိများ၊ စစ်တပ်လက်အောက်ခံ လက်နက်ကိုင် ပျူစောထီးများနှင့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များမှာ လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲမှုများပြုလုပ်နေသည်။

‎ရန်ကုန်ကဲ့သို့မြို့ကြီးများ၌ပင်လူငယ်များမှာ အလုပ်အကိုင်အတွက် အပြင်ထွက်ရသည်မှာ အန္တရာယ်များနေပြီး လူပျောက်တိုင်ကြား၍လည်း အခြေအနေမထူးသည့် ဖြစ်ရပ်များနှင့် ရင်ဆိုင်နေရသည်။