ဆောင်းပါးရှင်-မောင်ဖြူဖွေး
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၃၀ ရက်)

 

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ နီးပါးက ဖန်တီးခဲ့သည့် အနုပညာလက်ရာတစ်ခုကြောင့် တရုတ်အနုပညာရှင် တစ်ဦး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံလိုက်ရသည့် ဖြစ်စဉ်သည် သမ္မတ ရှီကျင့်ဖျင် လက်ထက် တရုတ် နိုင်ငံ၏ အနုပညာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့် အကန့်အသတ်များအပေါ် နိုင်ငံတကာ၏ စောင့်ကြည့်ဝေဖန်မှုများကို ပြန်လည်မြင့်တက်လာစေခဲ့သည်။

 

ခေါင်းဆောင်ဟောင်း မော်စီတုန်းကို သရော်ထားသည့် ရုပ်တုများကြောင့် ထင်ရှားသူ တရုတ် အနုပညာရှင် ဂေါက်ချန်း (Gao Zhen) သည် အဆိုပါ အနုပညာလက်ရာများကို ဖန်တီးပြီးစီးခဲ့သည့် နှစ်ပေါင်းများစွာ ကြာမှ ထွက်ပေါ်လာသော ဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

 

အသက် ၇၀ အရွယ်ရှိပြီဖြစ်သည့် အနုပညာရှင် ဂေါက်ချန်းကို ဟဲဘေးပြည်နယ်၊ ဆန်းဟဲမြို့သူကြီး ပြည်သူ့တရားရုံး (Sanhe City People’s Court) က ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၅ ရက်တွင် ပြစ်ဒဏ် ဒီကရီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

ဂေါက်ချန်းအား တရားစွဲဆို အရေးယူခဲ့သည့် ဖြစ်စဉ်သည် နောက်ကြောင်းပြန် ဥပဒေကျင့်သုံးမှု (Retrospective Application of Criminal Law)၊ နိုင်ငံရေးခေါင်းဆောင်များကို ပြည်သူ့ဝေဖန်မှုမှ အကာ အကွယ်ပေးထားမှုနှင့် တရုတ်သမိုင်းအပေါ် အစိုးရ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို စိန်ခေါ်သည့် အနုပညာရှင်များ၏ အနာဂတ်အပေါ် မေးခွန်းထုတ်စရာများ ဖြစ်ပေါ်စေခဲ့သည်။

 

ဂေါက်၏ ဖြစ်စဉ်သည် တရားရုံးအတွင်းတွင်သာမကဘဲ ပြင်ပအထိ ရိုက်ခတ်မှုများ ရှိနေသည်။ ၂၀၂၄ ခုနှစ်တွင် ဂေါက် ဖမ်းဆီးခံခဲ့ရပြီး အမေရိကန်နိုင်ငံသားဖြစ်သူ ၎င်း၏ ဇနီးနှင့် သားငယ်တို့ပါ တရုတ်နိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်ခြင်းခံထားရသည်။ ဂေါက်ကို ထိန်းသိမ်းခံထားရစဉ်အတွင်း ကျန်းမာရေးအခြေအနေအပေါ် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်ပူပန်လျက်ရှိကြပြီး မိသားစုကလည်း ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းလျက်ရှိသည်။

ယခု ပြစ်ဒဏ်ချမှတ်ခံရမှုသည် တရုတ်၏ တရားဥပဒေစနစ်က ကွန်မြူနစ်ပါတီ၏ သမိုင်းကြောင်းဆိုင်ရာ မူဝါဒများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် နိုင်ငံရေးသရော်မှုများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းနေသည် ဆိုသည့် အငြင်းပွားဖွယ်ရာများတွင် ထင်ရှားသည့် သာဓကတစ်ခု ဖြစ်လာခဲ့သည်။

 

အနုပညာလက်ရာဟောင်းများကြောင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ

 

ဂေါက်ချန်းသည် တရုတ်နိုင်ငံ၏ သမိုင်း၊ နိုင်ငံရေးအာဏာနှင့် လူမှုရေး အပြောင်းအလဲများကို အနု ပညာဖြင့် ပုံဖော်ရာတွင် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် “Gao Brothers” (ဂေါက်ညီအစ်ကို) အနုပညာအဖွဲ့မှ တစ်ဦးဖြစ်သည်။ ဂေါက်ချန်း၏ ညီဖြစ်သူ ဂေါက်ချင်း (Gao Qiang) နှင့်အတူ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ထူထောင်သူ ခေါင်းဆောင် မော်စီတုန်း၏ သရော်ရုပ်တုများကို ဖန်တီးခဲ့ ကြခြင်းဖြစ်သည်။

 

အဆိုပါ တရားစွဲဆိုမှုတွင် ကိုးကားထားသည့် လက်ရာများအနက် “Mao’s Guilt” (မော်၏ အပြစ်) ဟု အမည်ရသည့် ရုပ်တုမှာ မော်စီတုန်းက ၎င်း၏ အပြစ်များကို နောင်တရစွာ ဒူးထောက် တောင်းပန် နေသည့် ဟန်အတိုင်း ပုံဖော်ထားခြင်း ဖြစ်သည်။ ထို့အပြင် “Miss Mao” အမည်ရှိ အခြားသော ရုပ်တုစီးရီးများတွင်လည်း ခေါင်းဆောင်ဟောင်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် သရော်ထားသည်။

 

ဂေါက်ညီအစ်ကိုတို့၏ လက်ရာများသည် ၁၉၆၆ မှ ၁၉၇၆ အထိ ကျင့်သုံးခဲ့ပြီး နိုင်ငံရေးဖိနှိပ်မှုများနှင့် လူမှုရေး ဖရိုဖရဲဖြစ်မှုများကို ဖြစ်ပေါ်စေခဲ့သည့် သမိုင်းဝင် “ယဉ်ကျေးမှုတော်လှန်ရေး” ၏ အဓိက တာဝန်ရှိသူ မော်စီတုန်းအပေါ် သမိုင်းကြောင်းအရ အလေးအမြတ်ထား ကိုးကွယ်ကြသည့် ပုံရိပ်များကို စိန်ခေါ် ခဲ့ခြင်း ဖြစ်သည်။

 

တရုတ်အာဏာပိုင်များက ဂေါက်ချန်းကို အမျိုးသားဟီးရိုးများနှင့် အာဇာနည်များ၏ ဂုဏ်သိက္ခာကို ပျက်စီးစေသည်ဟု စွပ်စွဲကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ အမ်နက်စတီ အပြည်ပြည်ဆိုင်ရာအဖွဲ့ (Amnesty International) နှင့် AP သတင်းဌာနတို့၏ ဖော်ပြချက်အရ ဆန်းဟဲမြို့ တရားရုံးက အဆိုပါ ပြစ်မှုအတွက် သတ်မှတ်ထားသည့် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

ဂေါက်ချန်းသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အမေရိကန် အမြဲတမ်းနေထိုင်ခွင့် (Green Card) ရရှိထားသူဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက မိသားစုနှင့်အတူ တရုတ်နိုင်ငံသို့ ခေတ္တပြန်လည်လည်ပတ်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယခင်ကလည်း အကြိမ်ကြိမ် ပြန်လည် ဝင်ရောက်ဖူးသော်လည်း ယခုအကြိမ်တွင်မူ ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

 

နှစ်ပေါင်းများစွာ ကြာမှ ထွက်ပေါ်လာသည့် ဥပဒေ

 

ဂေါက်ချန်းကို တရားစွဲဆိုမှု အချိန်ဇယားသည် ယခု အမိန့်ဒီကရီအပေါ် ဝေဖန်မှုများ၏ အဓိကသော့ချက် ဖြစ်လာခဲ့ သည်။

အငြင်းပွားဖွယ်ဖြစ်နေသည့် ဂေါက်၏ အနုပညာလက်ရာများကို ၂၀၀၅ နှင့် ၂၀၀၉ ခုနှစ်အကြား ဖန်တီးခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် “အာဇာနည်များနှင့် ဟီးရိုးများ အကာအကွယ်ပေးရေး ဥပဒေ” ကို ၂၀၁၈ ခုနှစ်တွင်မှ ပြဋ္ဌာန်းခဲ့ပြီး နောက်ပိုင်းမှ ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်ကာ အာဇာနည်များအား အသရေဖျက်မှုကို သီးသန့် ရာဇဝတ်မှုအဖြစ် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

 

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၉ (က) အရ အာဇာနည် သို့မဟုတ် ဟီးရိုးတစ်ဦးအား စော်ကားခြင်း သို့မဟုတ် အသရေဖျက်ခြင်းဖြင့် လူမှုရေးနှင့် ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေပါက အကဲဆတ်သည့် ဖြစ်စဉ်များအတွက် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ အဆိုပါ ပုဒ်မသည် ဂေါက်၏ ပြစ်ဒဏ်အတွက် တရားဝင် အခြေခံဥပဒေ ဖြစ်လာခဲ့သည်။

 

အနုပညာလက်ရာ ဖန်တီးခဲ့သည့် အချိန်နှင့် ဥပဒေထွက်ပေါ်လာသည့် အချိန်ကာလ ကွာဟချက်သည် ယခင် ပြုလုပ်ခဲ့သည့် လုပ်ရပ်များအပေါ် ဥပဒေအား နောက်ကြောင်းပြန် ကျင့်သုံးမှုဆိုင်ရာ မေးခွန်းများ ကို ဖြစ်ပေါ်စေခဲ့သည်။

 

အမ်နက်စတီ အပြည်ပြည်ဆိုင်ရာအဖွဲ့က ယခုဖြစ်စဉ်သည် ပြစ်မှုမပြဋ္ဌာန်းမီ နှစ်ပေါင်းများစွာကတည်းက ဖန်တီးထားသည့် အနုပညာလက်ရာများအပေါ် ဥပဒေကို နောက်ကြောင်းပြန် ကျင့်သုံးခြင်းဖြစ်သည်ဟု ထောက်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်တွင်လည်း ဂေါက်၏ ပြစ်ဒဏ် ချမှတ်ခံရမှု၊ ကျန်းမာရေးအခြေအနေနှင့် မိသားစုအပေါ် ကန့်သတ်ထားမှုများအပေါ် စိုးရိမ်ကြောင်း ထပ်မံအတည်ပြုထားသည်။

 

ဂေါက်သည် အဆိုပါ ပြစ်ဒဏ်အပေါ် အယူခံဝင်ရန် ဆုံးဖြတ်ခဲ့ပြီး အယူခံလုပ်ငန်းစဉ်များ စတင်နေပြီ ဖြစ်သော်လည်း လက်ရှိအချိန်အထိ ပြစ်ဒဏ်ချမှတ်မှုမှာ အတည်ဖြစ်နေဆဲ ဖြစ်သည်။

 

တံခါးပိတ် စစ်ဆေးမှုများက မေးခွန်းထုတ်စရာ ဖြစ်လာ

 

ဂေါက်၏ တရားရင်ဆိုင်မှုကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်က ဆန်းဟဲမြို့ တရားရုံးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ရိုက်တာသတင်းအရ တစ်ရက်တာ တံခါးပိတ် ကြားနာမှု ပြုလုပ်၍ စစ်ဆေးမှုအပြီးတွင် အမိန့်တစ်စုံတစ်ရာ ချက်ချင်း ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

 

ဂေါက်၏ ဇနီးဖြစ်သူ ကျောက်ယာလျန် (Zhao Yaliang) က ၎င်းအား တရားခွင်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ကြောင်း ပြောကြားခဲ့သလို တရုတ်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံတမန်များကလည်း သွားရောက်နားထောင်ရန် ကြိုးပမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း သိရသည်။

 

ဩဂုတ် ၂၅ ရက်တွင် တရားရုံးက အမိန့်ဒီကရီ ထုတ်ပြန်ချိန်၌ အမေရိကန် သံတမန်များနှင့် အခြားသော သံတမန်အဖွဲ့များ သွားရောက်စောင့်ကြည့်ရန် ထပ်မံကြိုးပမ်းခဲ့သော်လည်း တရုတ်တရားရုံး တာဝန်ရှိ သူများက ဝင်ရောက်ခွင့် မပြုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ရိုက်တာကို အတည်ပြုခဲ့သည်။

 

ဝါရှင်တန်ကမူ ဥပဒေ အာဏာမသက်ရောက်မီ နှစ်ပေါင်းများစွာကတည်းက ပြုလုပ်ခဲ့သည့် လုပ်ရပ် တစ်ခုအပေါ် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းအား အလွန်အမင်း စိုးရိမ်ကြောင်းနှင့် အနုပညာဆိုင်ရာ ဖော်ထုတ်ခွင့်အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထောက်ခံကြောင်း ထပ်လောင်းပြော ကြားခဲ့သည်။

 

တရားခွင်ကို အကန့်အသတ်ဖြင့်သာ စစ်ဆေးခဲ့ခြင်းသည် တရားစီရင်ရေး၏ ပွင့်လင်းမြင်သာမှုအပေါ် ပိုမိုမေးခွန်းထုတ်စရာ ဖြစ်လာစေခဲ့ပြီး တရားရုံး၏ အဆုံးအဖြတ် အပြည့်အစုံကို သီးခြားလွတ်လပ်စွာ သုံးသပ်နိုင်ရန် ခက်ခဲစေခဲ့သည်။

 

ဖြစ်စဉ်အတွင်း ပိတ်မိနေသည့် မိသားစု

 

ဂေါက်၏ မိသားစုအပေါ် ကန့်သတ်ချုပ်ချယ်မှုများသည်လည်း ဝေဖန်မှုများကို ပိုမိုကြီးမားစေခဲ့သည်။

 

ဂေါက်၏ ဇနီးနှင့် အမေရိကန်နိုင်ငံသားဖြစ်သူ သားငယ်တို့သည် ဂေါက် ဖမ်းဆီးခံရသည့် ၂၀၂၄ ခုနှစ်မှစ၍ တရုတ်နိုင်ငံမှ ထွက်ခွာခွင့် မရတော့ကြောင်း သတင်းများက ဆိုသည်။ မိသားစုဝင်များသည် ယခုအမှုနှင့် ပတ်သက်၍ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားသူများ မဟုတ်ကြပေ။

 

ဇနီးဖြစ်သူက ၂၀၂၄ မှစ၍ ဖခင်ဖြစ်သူနှင့် မတွေ့ရတော့သည့် သားငယ်အတွက် အလွန်ပင် စိတ်ထိခိုက် စရာဖြစ်ရကြောင်းနှင့် ဂေါက်နှင့် မိသားစုအကြား ဆက်သွယ်ခွင့်ကိုလည်း တင်းကျပ်စွာ ကန့်သတ် ထားကြောင်း ပြောဆိုသည်။ အမ်နက်စတီအဖွဲ့ကလည်း ၎င်းတို့အား တရားဝင် မဟုတ်သည့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်မှု ပြုလုပ်ထားခြင်းကို ချက်ချင်း ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။

 

အကဲဆတ်သည့် နိုင်ငံရေးအမှုများတွင် ပြည်ပထွက်ခွာခွင့် ကန့်သတ်သည့် နည်းလမ်းကို အသုံးပြုလာ ခြင်းသည် ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် ဆွေမျိုးသားချင်းများပါ ရိုက်ခတ်မှုခံနေရသည့် အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

 

ထိန်းသိမ်းခံရစဉ်အတွင်း ကျန်းမာရေး စိုးရိမ်ရမှုများ

 

ဂေါက်အား အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားခြင်းသည် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေ အနေအပေါ် စိုးရိမ်မှုများကိုပါ ဖြစ်ပေါ်စေခဲ့သည်။

 

ဂေါက်တွင် ခါးဆဆစ်ရိုး ရောဂါနှင့် ဒူးဆစ်ရေဝပ်သည့် ရောဂါများရှိနေပြီး ထိန်းသိမ်းခံထားရစဉ်အတွင်း အကြိမ်ကြိမ် လဲပြိုကျခဲ့ကြောင်း သတင်းများက ဆိုသည်။ အသက်အရွယ်ကြီးရင့်မှုနှင့် ကျန်းမာရေး ပြဿနာများကြောင့် ၎င်း၏ အမှုအပေါ် ပြန်လည်စိစစ်ပေးရန် အသံများ ထွက်ပေါ်နေသော်လည်း လက်ရှိတွင် အယူခံအဆင့်၌သာ ရှိနေဆဲ ဖြစ်သည်။

 

နိုင်ငံရေး သစ္စာစောင့်သိမှုနှင့် ဝေဖန်မှု အကန့်အသတ်များ

 

ယခု တရားစွဲဆိုမှုသည် သမ္မတ ရှီကျင့်ဖျင် လက်ထက် နိုင်ငံရေးအာဏာကို ဗဟိုပြု ဆုပ်ကိုင်လာသည့် ဖြစ်စဉ်များနှင့်အတူ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်၍ သမ္မတ သက်တမ်း ၂ ကြိမ် ကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့သဖြင့် ရှီကျင့်ဖျင်အတွက် ရာထူးဆက်လက်ရယူနိုင်ရန် လမ်းပွင့်သွားခဲ့သည်။

 

ရှီကျင့်ဖျင် လက်ထက်တွင် ကွန်မြူနစ်ပါတီသည် နိုင်ငံရေးသစ္စာစောင့်သိမှု၊ သဘောတရားရေးရာ စည်းကမ်းချက်များနှင့် တရားဝင် သမိုင်းကြောင်း ပုံဖော်မှုများကို အဓိကထား လုပ်ဆောင်လာခဲ့သည်။

 

အာဏာပိုင်များက အမျိုးသားဟီးရိုးများနှင့် အာဇာနည်များကို ဥပဒေကြောင်းအရ အကာအကွယ်ပေး ထားသော်လည်း အဆိုပါ ပြဋ္ဌာန်းချက်များကို အနုပညာဆိုင်ရာ သရော်မှုများအပေါ် အသုံးချလာ ခြင်းသည် ပြည်သူ့အကျိုးစီးပွား အကာအကွယ်ပေးမှုနှင့် အပြုသဘော ဝေဖန်မှုများကို ရာဇဝတ်မှု မြောက် စေသည့် နယ်နိမိတ်အကြား အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့သည်။

 

ဂေါက်၏ ဖြစ်စဉ်တစ်ခုတည်းဖြင့် တရုတ်အစိုးရသည် မော်စီတုန်းကို ဝေဖန်သည့် အနုပညာရှင်တိုင်းကို တရားစွဲမည်ဟု ယေဘုယျ မယူဆနိုင်သော်လည်း၊ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖန်တီးခဲ့သည့် အနုပညာလက်ရာများသည်ပင်လျှင် အာဏာပိုင်များက ဥပဒေချိုးဖောက်သည်ဟု သတ်မှတ်ပါက ရာဇဝတ်မှု မြောက်သွားနိုင်ကြောင်း သက်သေပြနေသည်။

 

၂၀၀၅ နှင့် ၂၀၀၉ အကြား ဖန်တီးခဲ့သော ဂေါက်ချန်း၏ မော်စီတုန်း ရုပ်တု လက်ရာများ သည် ၂၀၂၆ ခုနှစ်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသည့် အကြောင်းအရင်း ဖြစ်လာခဲ့သလို အခြားသော လွတ်လပ်သည့် အနုပညာရှင်များအတွက်မူ တရုတ်နိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင် သည့် နယ်နိမိတ်အပေါ် မရေရာမှုများကို ပိုမို ရုပ်လုံးပေါ်စေခဲ့သည်။

 

(ဆောင်းပါးရှင် မောင်ဖြူဖွေးသည် အာရှ-ပစိဖိတ်ရေးရာများကို လေ့လာစောင့်ကြည့်နေသော သုတေသီတစ်ဦး ဖြစ်ပါသည်။ ဤဆောင်းပါးမှာ ရေးသူ၏အာဘော််သာဖြစ်ပြီး ဧရာ၀တီတိုင်းမ် သတင်းဌာန၏အာဘော် မဟုတ်ကြောင်း စာဖတ်ပရိသတ်များအား လေးစားစွာတင်ပြအပ်ပါသည်။)