ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ အောင်ဆန်းသူရိယနှင့် သူရ ဘွဲ့ရ ဗိုလ်ကြီးတိုက်ချွန်း နေထိုင်ခဲ့သော ဘွေလီရွာ လေကြောင်း တိုက်ခိုက်ခံရပြီး သားဖြစ်သူ နေအိမ် ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဆမီးမြို့နှင့် မတူပီမြို့နယ်ကြားရှိ ဘွေလီရွာကို စက်တင်ဘာ ၁၂ ရက်နေ့၊ ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ရွေးတုအစိုးရတပ်မှ ဂျက်ဖိုက်တာတစ်စီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မတူပီဘက်ကနေ ဂျက်ဖိုက်တာတစ်စီးနဲ့ ပတ်ပြီး ဘွေလီရွာကို ပေါင် ၃၀၀ တစ်လုံးနဲ့ကြဲချသွားပါတယ်။ နောက်ပြီး ရော့ကတ်တွေနဲ့ပါ ပစ်သွားပါတယ်။ ရွာကားလမ်းမဘက် ကျပေါက်ကွဲတယ်”ဟု ဆမီးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးတိုက်ချွန်း၏သား ဦးလင်းထန်နှင့် ဒေါ်စိန်နုတို့၏ ကုန်စုံဆိုင်နားတွင် ဗုံးသီး ကျရောက်ပေါက်ကွဲသည့်အတွက် ဆိုင်ခန်း၊ ကားတစ်စီးနှင့် စတားလင့်တို့ ပျက်စီးသွားကြောင်း သိရသည်။
“ရွာအနား ကားလမ်းဘေးမှာ စျေးဆိုင်ရောင်းတဲ့ ကျောင်းဆရာ ဦးလင်းထန် ဆိုင်အနားမှာ ကျပေါက်ကွဲတယ်။ ဆိုင်မှာ ရှိတဲ့ ပစ္စည်းတွေ ပျက်စီးသွားတယ်။ ဆုံးရှုံးမှုအတော်များတယ်”ဟု ဆမီးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် လတွင်ကလည်း အဆိုပါ ဗုံးကြဲတိုက်ခိုက်သည့် ဘွေလီရွာအနီးဝန်းကျင်ကိုလည်း ရွေးတုအစိုးရပ်က မကြာခဏ လေယာဥ်များဖြင့်ကင်းထောက်ပြီး လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။