ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

 

ရွေးတုအစိုးရသည် စစ်သားအင်အား လျှော့နည်းမှုကို စစ်မှုထမ်းဥပဒေဖြင့် ပြည်သူများကို အတင်း အဓမ္မ ဖမ်းဆီး ပေးပို့နေသော်လည်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ရွေးတုအစိုးရစစ်တပ်၏ လုံခြုံရေးဂိတ်များ တဖြည်းဖြည်း လျော့နည်းလာကြောင်း သိရသည်။

 

ယခုလပိုင်းအတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရွေးတုအစိုးရစစ်တပ်၏ စစ်ဆေးရေး ဂိတ်များသည် အမြန်လမ်း ဖြတ်သန်းခ တောင်းခံသည့် တိုးဂိတ် (Toll Gate) အနီးတွင်သာ အဓိက စခန်းချ အခြေစိုက်တော့ကြောင်း ခရီးသွား ပြည်သူများနှင့် အဝေးပြေး ယာဉ်မောင်းများထံမှ သိရသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းတစ်လျှောက်တွင် ရွေးတုအစိုးရစစ်တပ်၏ စစ်ဆေးရေးဂိတ်များတွင် စစ်သားများ အသင့်အနေအထားဖြင့် စောင့်ကြည့်လျက်ရှိသော ဂိတ်ပေါင်း ၁၀ ခုခန့် ရှိရာမှ ယခုလပိုင်း အတွင်း အများဆုံး ၅ ဂိတ်ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

 

ဂိတ် အရေအတွက် လျော့နည်းသွားသော်လည်း ကျန်ရှိသည့် ဂိတ်များတွင်မူ စစ်ဆေးမှုများကို ပိုမို တင်းကျပ်စွာ ပြုလုပ်နေပြီး ရန်ကုန် အမှတ် (၃) လမ်းဆုံ၊ အမြန်လမ်းမပေါ်ရှိ သုညမိုင်ဂိတ်၊ ၁၁၅ မိုင်တိုးဂိတ်၊ နေပြည်တော်တိုးဂိတ်၊ မိုင်တိုင် ၂၈၄ ရှိ ဇီးကုန်းတိုးဂိတ်နှင့် မိုင်တိုင် ၃၅၂ ရှိ စကားအင်း တိုးဂိတ်တို့တွင် ရွေးတုအစိုးရစစ်တပ်က တင်းကျပ်စွာ စစ်ဆေးလျက်ရှိသည်။

 

“ဇီးရိုးမိုင်ဂိတ်က အဆိုးဆုံးပဲ။ ဟိုတလောက မိန်းကလေးတစ်ယောက် ဖုန်းပြောတာတွေ့သွားလို့ မိုးရေထဲ နာရီဝက်လောက် ဒူးထောက်ခိုင်းထားတယ်။ ကျန်တဲ့ ခရီးသည်တွေလည်း စောင့်လိုက်ရ တာပေါ့။ ကားဆရာက သတိပေးတယ်။ သူက ဖုန်းပြောနေတာမပြီးတော့ ဟိုကတွေ့သွားတာ။ ရန်ကုန် အထွက်က ဘာမှသိပ်မစစ်တော့ဘဲ ရန်ကုန်အဝင်ကျမှ စစ်ဆေးတာ ကြာတာ။ အရင်လို ဂိတ်တွေ အများကြီး မရှိတော့ဘူး” ဟု အဝေးပြေး ယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခရီးသွား ပြည်သူများအနေဖြင့် အမြန်လမ်းမကြီးအတိုင်း သွားလာရာတွင် ကားပေါ်ပါ ခရီးသည် စာရင်းနှင့် မှတ်ပုံတင်နံပါတ် ပါရှိသည့် စာရွက်စာတမ်းများကို စစ်ဆေးရေးဂိတ်တိုင်းသို့ မပျက်မကွက် ပြသရမည်ဖြစ်ပြီး ဖုန်းအသုံးပြုမှုနှင့် ပတ်သက်၍လည်း သတိထားရန် လိုအပ်သည်။ ထို့ပြင် နေ့ခင်း ဘက် မောင်းနှင်ရာတွင် ရွေးတုအစိုးရစစ်တပ်က အမြန်နှုန်း စိစစ်ဖမ်းဆီးမှုများလည်း တင်းကျပ်စွာ ပြုလုပ်လျက်ရှိသည်။

 

“ကားပေါ်ပါတဲ့ ခရီးသည်စာရင်းနဲ့ မှတ်ပုံတင်နံပါတ်ပါတဲ့ စာရွက်တွေကို စစ်ဆေးရေးဂိတ်တိုင်း ပေးရတယ်။ အမြန်လမ်းပေါ် နေ့ခင်းဘက် သွားမယ်ဆိုရင် အမြန်နှုန်းဖမ်းတာ သတိထားရမယ်။ အရမ်း အဖမ်းကြမ်းတယ်” ဟု အဝေးပြေး ယာဉ်မောင်းတစ်ဦးက ဆိုသည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှ စတင်ကာ ယခုနှစ်ပိုင်းအထိ အမြန်လမ်းမကြီးပေါ်ရှိ မိုင်တိုင် ၁၇၃ ရှိ ရဲကင်းစခန်းတစ်ခု တိုက်ခိုက်ခံရခြင်းအပြင် မိုင်တိုင် ၃၁၉ နှင့် မိုင်တိုင် ၃၃၂ တို့ရှိ စစ်တပ်စခန်း ဂိတ်များကိုလည်း အနီးဝန်းကျင်ရှိ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်