ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်
ရန်ကုန်တွင် ယနေ့ မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်များကျိုးကျပြီး လာမည့်နှစ်ရက်အတွင်း မိုးပိုနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်တိုင်းရှိ မရမ်းကုန်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်တို့တွင် သစ်ပင်များလဲကျ၍ နေအိမ်၊ မော်တော်ယာဉ်များထိခိုက်ပျက်စီးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

လာမည့် နှစ်ရက်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာမည်ဖြစ်ကြောင်းပါဝင်သည်။
မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းနေသော နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်းပြည်နှင့် ရှမ်းပြည်နယ် ( တောင်ပိုင်း) တို့တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းထုတ်ပြန်သည်။

အဆိုပါဒေသများတွင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပေါ်နိုင် ကြောင်းပါဝင်သည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ငါးပေမှ ခုနှစ်ပေခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MSF၊ မိုး/ ဇလ ၊ လူမှုကွန်ရက်