‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၁၄ရက်

 

မန္တလေးမှ ဗန်းမော်မြို့သို့ ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် စစ်ကူများ ပို့ဆောင်ပြီး ပြန်လည်ဆုန် ဆင်းလာသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်ရေယာဉ်အုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယနေ့ စက်တင် ဘာ ၁၄ ရက် နံနက်ပိုင်းတွင် စစ်သင်္ဘော ၁ စီး ထပ်မံ နစ်မြုပ်သွားကြောင်း သိရသည်။

 

အဆိုပါ စစ်သင်္ဘောသည် ယမန်နေ့ စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းက ဗန်းမော်အောက်ဘက် ဆူးပုတ်ကုန်းအနီးမှ မှောင်ရိပ်ခို၍ စုန်ဆင်းလာစဉ် ပထမအကြိမ် တိုက်ခိုက်ခံရပြီး စက်ချို့ယွင်းကာ မျောပါလာခဲ့သည်။ ထို့နောက် ယနေ့ နံနက် ၇ နာရီခန့်တွင် နတ်မျက်နှာတောင် အနီးအရောက်၌ ထပ်မံ တိုက်ခိုက်ခံရသဖြင့် စစ်သင်္ဘောမှာ တိုက်ရိုက်ထိမှန် မီးလောင်ကာ နစ်မြုပ်သွားခြင်း ဖြစ်သည်။

“ရာထူးတိုးနဲ့ အသင့်စောင့်နေတဲ့ အရာရှိတွေကို လေယာဉ်နဲ့ မခေါ်ဘဲ ပြန်ဆင်းတဲ့ သင်္ဘောတွေနဲ့ ထည့်လွှတ်လိုက်ပုံရပါတယ်။ ကုန်းပေါ်ရောက်လည်း လိုက်လံတိုက်ခိုက်ခံရမှာပါ” ဟု ကချင်သတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ နစ်မြုပ်သွားသော စစ်သင်္ဘောပေါ်တွင် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ဒုတိယတပ်မမှူး၊ ခမရ-၃၂၀ တပ်ရင်းမှူးနှင့် G2 အရာရှိတို့ ပါဝင်ပြီး စစ်သင်္ဘော မြုပ်သွားချိန်တွင် ၎င်းတို့ အပါအဝင် တပ်ဖွဲ့ဝင်များသည် အသက်ကယ်လှေများဖြင့် ကမ်းပေါ်သို့ အသက်လုထွက် ပြေးခဲ့ကြရ သည်။ လက်ရှိတွင် တော်လှန်ရေး ပူးပေါင်းတပ်များက ၎င်းတို့ကို လိုက်လံ ရှင်းလင်းလျက်ရှိသည်။

ရွေးတုအစိုးရစစ်တပ်၏ ရေယာဉ်အုပ်စုသည် ယမန်နေ့ကလည်း သုံး စီး နစ်မြုပ်ကာ တစ် စီး မီးလောင် ခဲ့ပြီး ယနေ့ ထပ်မံ နစ်မြုပ်သည့် တစ် စီး အပါအဝင် နှစ်ရက်အတွင်း စုစုပေါင်း စစ်သင်္ဘော ငါး စီးထက် မနည်း ပျက်စီး နစ်မြုပ်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က ပထမအသုတ် စစ်သင်္ဘော ခြောက် စီးခန့် ဗန်းမော်သို့ ကမ်းကပ်နိုင် ခဲ့ပြီး စစ်ကူနှင့် ရိက္ခာများ ပို့ဆောင်ကာ ပြန်လည်ဆုန်ဆင်းလာသည့် သင်္ဘောများကို KIA က ထပ်မံ ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ထားခြင်း ဖြစ်သည်။

 

ပုံစာ-နစ်မြုတ်သွားသည့် စစ်ရေယာဉ်ကိုတွေ့ရစဉ်။