ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေးနှင့် အစိုးရဌာန အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်းကာ အထူးစစ်ဆင်ရေး (အော်ပရာစီ) ဝင်ရောက်ပြုလုပ်ခဲ့ရာ မြန်မာ ၅၇ ဦး အပါအဝင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၄၇၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း စက်တင်ဘာ ၁၃ ရက်တွင် မလေးရှား လူဝင်မှု ကြီးကြပ်ရေးက ထုတ်ပြန်သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း နိုင်ငံခြားသား ၂,၅၀၀ ခန့်ကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် နိုင်ငံခြားသား ၄၇၂ ဦးတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ဇင်ဘာဘွေနှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။

“ဖမ်းဆီးခံထားရသူအားလုံးက အသက် ၁၈ကနေ ၆၂ ကြားရှိတဲ့ အမျိုးသား ၄၃၉ ဦးနဲ့အမျိုးသမီး ၃၃ ဦးဖြစ်တယ်။ စုံစမ်းစစ်ဆေးဖို့နဲ့ နောက်ဆက်တွဲအရေးယူမှုတွေအတွက်ညBukit Jalil လူဝင်မှုကြီးကြပ်ရေးဌာမှာ ထိန်းသိမ်းထားမှာပါ” ဟု ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေးဌာနညွှန်ကြားရေးမှူးက ပြောဆိုခဲ့သည်။
တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သံသယရှိသူများ၊ နိုင်ငံခြားသား အများအပြား စုဝေးနေထိုင်သည့် အဆောက်အအုံများနှင့် တရားမဝင် နိုင်ငံခြားအလုပ်သမားများ ခန့်ထားသည့် အလုပ်ရုံများ ရှိကြောင်း တိုင်ကြားချက်များ ရရှိသဖြင့် ယခုကဲ့သို့ စစ်ဆင်ရေးပြုလုပ်၍ ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသူများတွင် တရားဝင် နေထိုင်ခွင့် အထောက်အထား မရှိသူများ၊ ဗီဇာသက်တမ်းကျော်လွန် နေထိုင်သူများ၊ စာရွက်စာတမ်းအတု အသုံးပြုသူများနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းသူများ ပါဝင်ကြောင်း သိရသည်။
ကွာလာလမ်ပူသည် လူစည်ကားရာ နေရာဖြစ်ပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် အခြားပြည်နယ်များမှ ရွှေ့ပြောင်းလုပ်သားများပါ လာရောက်လေ့ရှိသဖြင့် ယခုကဲ့သို့ ပိတ်ရက်ကာလအတွင်း စစ်ဆင်ရေးပြုလုပ်၍ ဖမ်းဆီးရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနသည် တရားမဝင် နေထိုင်သူ နိုင်ငံခြားသားများ မိခင်နိုင်ငံသို့ သဘောဆန္ဒအလျောက် ပြန်နိုင်ရေးအတွက် ရွှေ့ပြောင်းလုပ်သား ပြန်လည်ပို့ဆောင်သည့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မလေးရှားနိုင်ငံသည် လာမည့် စက်တင်ဘာ နောက်ဆုံးပတ်တွင် ရိုဟင်ဂျာများ အပါအဝင် တရားမဝင် မြန်မာရွှေ့ပြောင်းနေထိုင်သူ ၁,၅၀၀ ခန့်ကို နေရပ်ပြန်ပို့မည်ဖြစ်ပြီး ရွေးတုအစိုးရစစ်တပ်၏ ရေတပ်စစ်သင်္ဘော နှစ် စင်းက လာရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။