ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဇိုလဲန်း (PDF-Zoland) က ထိန်းသိမ်း ထားသော ရွေးတုအစိုးရ စစ်သုံ့ပန်း ၈၀ ခန့် အစုလိုက်အပြုံလိုက် ထွက်ပြေးလွတ် မြောက်သွားကြောင်း စစ်ရေး သတင်းအရင်းအမြစ်ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် PDF-Zoland က ထိန်းသိမ်းထားသည့် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်များ အပါအဝင် ရွေးတုအစိုးရ စစ်သုံ့ပန်း ၈၀ ခန့်သည် အချုပ်စောင့်တပ်ဖွဲ့ကို ရိုက်နှက် တိုက်ခိုက်ကာ လက်နက်များ လုယူ၍ ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်သည်။

“ညဦးပိုင်း အချုပ်သား နှစ်ယောက်က ရေချိုးချင်တယ်ဆိုပြီး အပြင်ထွက်ခွင့် တောင်းလို့ ပေးလိုက်တာ။ အပြင်ရောက်တော့ အချုပ်စောင့်တပ်ဖွဲ့တွေကို ရိုက်နှက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ ယူကာ အချုပ်ခန်းထဲက စစ်သုံ့ပန်းတွေကို လွှတ်ပေးလိုက်တာ” ဟု PDF-Zoland နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့် ရွေးတုအစိုးရ စစ်သုံ့ပန်းများကို PDF-Zoland က ယနေ့ စက်တင် ဘာ ၁၄ ရက် နံနက်ပိုင်းမှစ၍ တပ်ဖြန့်ကာ ပိတ်ဆို့ လိုက်လံရှာဖွေလျက်ရှိသည်။

“PDF-Zoland က တောတောင်တွေနဲ့ ကျေးရွာတွေဘက်မှာ တပ်ဖြန့်ထားပြီး ပိတ်ဆို့ ရှာဖွေမှုတွေ လုပ်ဆောင်နေဆဲပါ။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

ယခုကဲ့သို့ လက်နက်ပါသွားသည့် စစ်သုံ့ပန်းများ ထွက်ပြေးလွတ်မြောက်သွားခြင်းကြောင့် တီးတိန် မြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် ရွေးတုအစိုးရစစ်တပ်၏ လေကြောင်းမှ ရန်းဗုံးကြဲ တိုက်ခိုက် လာနိုင်မည့် အန္တရာယ်ကို အထူးစိုးရိမ်နေကြပြီး ဒေသတွင်း သွားလာလှုပ်ရှားရာမှုများ တွင်လည်း သတိထားရန် လိုအပ်လျက်ရှိသည်။

ပုံစာ- PDF- Zoland က ကနေဒီ တပ်စခန်းကို သိမ်းပိုက်စဉ် ဖမ်းမိသည့် စစ်သုံ့ပန်များ (၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာ)