ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားပင်လယ်ပြင်မှာ ခရီးသည် ၂၄၀ ကျော် တင်ဆောင်လာတဲ့ ကူးတို့သင်္ဘော တစ်စင်း တိမ်းမှောက်ခဲ့လို့ ပျောက်ဆုံးနေသူ ၁၂၀ ကျော်ကို ရှာဖွေဖို့ ရေငုပ်တပ်ဖွဲ့တွေနဲ့ ရေအောက်ဒရုန်း တွေကို အရေးပေါ် အသုံးပြုနေပါတယ်။
စက်တင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ ဒီမတော်တဆမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ပြီး ၁၂၉ ဦး ပျောက်ဆုံးနေဆဲလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက အတည်ပြုထားပါတယ်။
“Virgo Transport 8” အမည်ရှိ အဆိုပါ ခရီးသည်တင်သင်္ဘောဟာ အရှေ့ဂျာဗားပြည်နယ် ဆူရာ ဘာယာမြို့ကနေ ဘော်နီယိုကျွန်းပေါ်ရှိ ဘန်ဂျာမာဆင်မြို့ဆီ ဦးတည်ခုတ်မောင်းစဉ် ၃ မီတာအထိ မြင့်တဲ့ လှိုင်းလေကြမ်းတမ်းမှုကြောင့် တိမ်းစောင်းသွားပြီး အကူအညီတောင်းခံခဲ့တာပါ။

တနင်္ဂနွေနေ့ နံနက် ၂ နာရီဝန်းကျင်မှာ သင်္ဘောနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး နောက် ထပ် ၂ နာရီအကြာမှာ ဂျာဗားပင်လယ်ပြင်အတွင်း သင်္ဘောမှောက်သွားခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။
စက်တင်ဘာ ၁၄ ရက်မှစပြီး အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီက သင်္ဘော ၁၇ စင်း၊ လေ ယာဉ်တွေနဲ့အတူ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၆၂၂ ဦးပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့ပါ တယ်။
ရေအောက်ထဲမှာ ပိတ်မိနေနိုင်သူတွေကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ဖို့အတွက် ရေတပ်ဖွဲ့ပိုင် ရေ အောက်ဒရုန်းများနဲ့ အထူးရေငုပ်အဖွဲ့တွေကိုပါ စေလွှတ်ထားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ က ပြောပါတယ်။

လက်ရှိအချိန်အထိ နီးစပ်ရာ ငါးဖမ်းသင်္ဘောတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ခရီးသည် ၁၀၈ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကာ သေဆုံးသူ ၆ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ ပါတယ်။
သင်္ဘောပေါ်မှာ ခရီးသည် ၂၁၃ ဦး၊ အမှုထမ်း ၃၀ ဦးနဲ့ မော်တော်ယာဉ် ၈၉ စီး ပါဝင်တယ်လို့ ဖော် ပြထားပေမဲ့ အင်ဒိုနီးရှားမှာ စာရင်းပြင်ပ ခရီးသည် အပိုပါလာလေ့ရှိတာကြောင့် ပျောက်ဆုံးဦးရေ ပိုများ နိုင်ပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေနဲ့ မိသားစုဝင်တွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြပြီး သက်ဆိုင်ရာက အရေးပေါ် ကူညီကယ်ဆယ်မှုတွေကို လုပ်ဆောင်နေပါတယ်။
ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘောတွေကို အဓိက အသုံးပြုနေရသ လို လုံခြုံရေး စံချိန်စံညွှန်း အားနည်းမှုတွေကြောင့် မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
ကိုးကား – AP
Ref; Indonesia intensifies search for more than 120 missing after ferry capsizes in Java Sea