ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းမြောက်ရပ်ကွက်၊ စမ်းချောင်းလမ်းရှိ Bar4U ဘီယာ ဆိုင်တွင် စက်တင်ဘာ ၁၃ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ဝန်ထမ်း နှစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
အဆိုပါ ဘီယာဆိုင်တွင် ယမန်နေ့ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီ ၁၉ မိနစ်ခန့်က မွေးနေ့ပွဲ ပြုလုပ် နေစဉ် မီးခိုးနံ့ရသဖြင့် လိုက်လံကြည့်ရှုရာမှ မီးဆိုင်းဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးစတင် လောင်ကျွမ်း ခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် အသက် (၃၀) အရွယ်နှင့် အသက် (၂၀) အရွယ် အမျိုးသား နှစ် ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

“သေဆုံးသွားတဲ့အထဲမှာ တစ်ယောက်က အိမ်သာထဲက ပြေးထွက်လာတာထင်တယ်။ အိမ်သာရှေ့မှာ မှောက်လျက်သေဆုံးနေတာ တွေ့ရတယ်။ ပြေးလို့ မလွတ်သွားတာနေမယ်။ နှစ်ယောက်လုံးက ဆိုင်က ဝန်ထမ်းတွေပါ။ တစ်ယောက်က မီးဖိုခန်းထဲကလို့ ကြားတယ်၊ သေဆုံးသူရဲ့ အစ်မဖြစ်သူကလည်း လူမှုကွန်ရက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်” မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
အဆိုပါ မီးလောင်မှုသည် မီးအားပြင်းထန်ပြီး ပေါက်ကွဲသံများပါ ထွက်ပေါ်ခဲ့သဖြင့် ဘေးကပ်ရက်ရှိ စားသောက် ဆိုင်များနှင့် ဖုန်းဆိုင်ခန်းအချို့ကိုပါ ကူးစက်လောင်ကျွမ်းခဲ့သည်။
“ဘားကနေ မီးစလောင်တာ၊ ပေါက်ကွဲသံတွေလည်း ကြားရတယ်။ မီးက တအားပြင်းတော့ ဘေးက Win Star စားသောက်ဆိုင်တို့၊ ခေါက်ဆွဲဆိုင်တို့အပြင် Phone Bank ဆိုင်ပါ အကုန်မီးလောင်သွားတယ်” ဟု ရပ်ကွက်နေ မျက်မြင်သက်သေတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

Phone Bank အမည်ရှိ ဖုန်းဆိုင်သည် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ညိုမင်းလွင်နှင့် ၎င်း၏ မိတ်ဆွေများ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် အောက်တိုဘာအတွင်းက ဖွင့်လှစ်ထားသည့် ဆိုင်ဖြစ်သည်။
“ဘေးဆိုင်က မီးက ကျွန်တော်တို့ ဆိုင်ပါ ကူးသွားတော့ ကျွန်တော်တို့ Phone Bank စမ်းချောင်းဆိုင် တစ်ဆိုင်လုံး မီးထဲပါသွားတယ်ခင်ဗျ” ဟု Phone Bank ဆိုင်က ဆိုထားသည်။
အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က Level 1 အဆင့် သတ်မှတ်ကာ ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ သေဆုံးသူများ၏ ရုပ်အလောင်းနှင့် ဒဏ်ရာရသူ အမျိုးသမီးတို့အား လူမှုကူညီရေးအသင်းများက ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
မီးသတ်တပ်ဖွဲ့၏ သာမန် မီးလောင်မှုအဆင့် Level 1 သတ်မှတ်ချက်သည် မီးလောင်မှု ပမာဏနှင့် ငြိမ်းသတ်သည့် ယာဉ်အင်အားပေါ်သာ မူတည်ခြင်းဖြစ်ပြီး လူသေဆုံးမှုအပေါ် မူတည်ခြင်း မရှိကြောင်း သိရသည်။
ဓာတ်ပုံ-MFS