ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းသို့ တပ်ဖြန့်ကျူးကျော်လာသည့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြိုတင်စောင့်ကြို တိုက်ခိုက်ခဲ့သဖြင့် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု အမြောက်အမြား ရှိခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့ ခလရ-၄၇ ဘက်မှ ကမ္ဘာနီသို့ ယနေ့ စက်တင်ဘာ ၁၄ ရက်တွင် ကျူးကျော်ဝင်ရောက် လာသည့် စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ချေမှုန်း တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှာ ပျက်သွားခဲ့ရသည်။
”စစ်မှုထမ်း တပ်သားသစ်တွေနဲ့ တက်လာတဲ့ စစ်ကြောင်းတွေ ပိတ်ဆို့တိုက်ခိုက်ခံရမှုကြောင့် တပ်ပျက် တဲ့အထိ ပြေးကြရတယ်လို့ သိရပါတယ်။ ခလရ-၄၇ ကနေ ထွက်လာတာပါ” ဟု ကချင်သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲများအတွင်း အထိအခိုက် သေဆုံး များပြားခဲ့သည့် ရွေးတုအစိုးရစစ်တပ်သည် ဒဏ်ရာရရှိ သူများနှင့် သေဆုံးသွားသည့် တပ်ဖွဲ့ဝင်အလောင်းများကို သယ်ဆောင်၍ စီဟဲဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ဗန်းမော်ဘက်မှ တက်လာသည့် စစ်တပ်၏ စစ်ကူတွင် စစ်မှုထမ်း တပ်သားသစ်များ ပါဝင်သော စစ်ကြောင်းကို ကောင်ဂျာယန် ကျေးရွာအနီးနှင့် ဟိန်းအောင် အဆောက်အအုံများဘက်တွင် KIA ပူးပေါင်းတပ်ဖွဲ့များက ကြိုတင်စောင့်ကြို ဟန့်တား တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ပုံစာ-ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ (ပုံဟောင်း)