ဧရာ၀တီတိုင်းမ်
(တောင်ငူ)၊ စက်တင်ဘာ ၁၄ ရက်

 

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် ပြည်သူ့စစ်မှုထမ်းအဖြစ် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရောင်းစား နေသည့် ရွေးတုအစိုးရစစ်တပ်၏ ဗိုလ်ကြီး အယောင်ဆောင် အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ ကြောင်း သိရသည်။

 

တောင်ငူမြို့တွင် ဗိုလ်ကြီးအဖြစ် အယောင်ဆောင်ကာ လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးရောင်းစားနေကြောင်း သတင်းအရ စက်တင်ဘာ ၁၁ ရက်တွင် ရွေးတုအစိုးရလက်အောက်ခံ နယ်မြေခံ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

စုံစမ်းသိရှိရချက်အရ တောင်ငူမြို့၊ ပဲချပ်ကုန်းကျေးရွာနေ အသက် ၂၉ နှစ်အရွယ် ငြိမ်းဖြိုး (ခ) စည်သူဖြိုးသည် ရွေးတုအစိုးရစစ်တပ်မှ ဗိုလ်ကြီးအဖြစ် အယောင်ဆောင်၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရောင်းစားနေသည်ဟု သတင်းရရှိသဖြင့် လိုက်လံစုံစမ်းခဲ့ရာ စက်တင်ဘာ ၁၁ ရက် ည ၁ နာရီ၃၀ မိနစ်ခန့်တွင် တောင်ငူမြို့၊ အမှတ် (၂၀) ရပ်ကွက်ရှိ Global Grace ဟိုတယ် အနှိပ်ခန်းအတွင်း တည်းခိုနေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

 

ထို့နောက် ဖမ်းဆီးစစ်ဆေးရာတွင် ငြိမ်းဖြိုး (ခ) စည်သူဖြိုး၏ အိပ်ရာဘေး လက်ကိုင် အိတ်အတွင်းမှ “ငြိမ်းဖြိုး” အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုနှင့် အရိုးအသွား ၁ ပေခန့်ရှိ ဓားအိမ်ပါ ဓားတစ်ချောင်း၊ ၎င်းမောင်းနှင်လာသည့် KLUGER (အနက်ရောင်) မော်တော်ယာဉ်အတွင်းမှ အရိုးအသွား ၂ ပေခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းနှင့် ယာဉ်မောင်းလိုင်စင်တစ်ခုတို့ကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူ ငြိမ်းဖြိုး (ခ) စည်သူဖြိုးအား တောင်ငူမြို့ အမှတ် (၁) မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်၍ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်ကလည်း တောင်ငူမြို့၊ စစ်တောင်းတာတံတားထိပ်တွင် ကိုချစ်မင်းဦး အမည်ရှိ လူငယ်တစ်ဦး ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရပြီးနောက် ငြိမ်းဖြိုး (ခ) စည်သူဖြိုးက မိသားစုထံမှ ငွေကျပ် ၇၅ သိန်း တောင်းယူ၍ ပြန်ထုတ်ပေးမည်ဟု လိမ်လည်တောင်းခံသွားခဲ့သော်လည်း ယနေ့ထက်ထိ ပြန်လည်လွတ်မြောက် လာခြင်း မရှိသေးကြောင်း သိရသည်။

 

ဓာတ်ပုံ-ပေးပို့
ပုံစာ-ဗိုလ်ကြီး အယောင်ဆောင် ငြိမ်းဖြိုး (ခ) စည်သူဖြိုးအား သက်သေခံပစ္စည်များနှင့် အတူ တွေ့ရစဉ်။